“ပိုတာတွေလှူ မျှဝေကူ” အစီအစဉ်မှတစ်ဆင့် ရာဂိမုန်တိုင်းသင့် မိဘပြည်သူများအတွက် ရိုးမဘဏ်၏ လှူဒါန်းမှုများ
“လက်တွဲရာသက်ပန် ရိုးမဘဏ်” ဟူသော ဆောင်ပုဒ်နှင့်အညီ ရိုးမဘဏ်သည် (၃၁) နှစ်တိုင်တိုင် ပြည်သူများနှင့်အတူ အေးအတူ ပူအမျှရပ်တည်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်းဖြစ်ပွားခဲ့သော ရာဂိမုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့ရသည့် မိဘပြည်သူများအတွက် “ပိုတာတွေလှူ မျှဝေကူ” အစီအစဉ်မှတစ်ဆင့် လူသားချင်းစာနာထောက်ထားသောအကူအညီများကို ပေးအပ်လျက်ရှိပါသည်။
အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ရိုးမလုပ်ငန်းစုနှင့် ပူးပေါင်း၍ ပထမအကြိမ်လှူဒါန်းမှုကို မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်ရှိ ရေဘေးသင့်ကျေးရွာများဖြစ်သည့် ကျောက်ဆည်ကျေးရွာ၊ ပုတီးကုန်းကျေးရွာ၊ နေပူကုန်းကျေးရွာနှင့် ဆူးချင်ကုန်းကျေးရွာများသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ကာ အရေးပေါ်လိုအပ်လျက်ရှိသည့် အစားအသောက်များ (ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ ကွတ်ကီး)၊ ဆန်အိတ်များ၊ ဆေးဝါးများ၊ အသုံးအဆောင်များ (ဆိုလာဓါတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ်၊ စောင်၊ ပလတ်စတစ်ရေခွက်၊ စတီးဇလုံ၊ ဆပ်ပြာ၊ ဖိနပ်)၊ ရေသန့်၊ ရေသန့်ဆေးပြားနှင့် အဝတ်အထည်များကို အမှန်တကယ် အကူအညီလိုအပ်နေသော အိမ်ထောင်စုများအတွက် လှူဒါန်းခဲ့ပါသည်။ အဆိုပါကျေးရွာများတွင် မုန်တိုင်းဒါဏ်ကြောင့် လမ်းတံတားများ၊ လယ်ယာမြေများနှင့် နေအိမ်အဆောက်အအုံများ ပျက်စီးကာ သယ်ယူပို့ဆောင်ရေး ခက်ခဲလျက်ရှိကြောင်း သိရသည်။
ဒုတိယအကြိမ် လှူဒါန်းမှုကို အောက်တိုဘာလတွင် ထပ်မံပြုလုပ်ခဲ့ရာ မုန်တိုင်းဒဏ်ကြောင့် လယ်ယာများ၊ ကျွဲ၊ နွားများနှင့် နေအိမ်များပျက်စီးကာ သယ်ယူပို့ဆောင်ရေးခက်ခဲလျက်ရှိသော တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သာဂရကျေးရွာအုပ်စု၊ လေးအိမ်စုကျေးရွာနှင့် ရွာသစ်ကျေးရွာများရှိ အိမ်ထောင်စုများအတွက် ဆန်၊ ဆီ၊ ငါးသေတ္တာနှင့် အိမ်သုံးပစ္စည်းများ (အအေး၊ ခြင်ဆေး၊ ဆပ်ပြာ)၊ ဆေးဝါးပစ္စည်းများနှင့် အဝတ်အထည်များကို လှူဒါန်းခဲ့ပါသည်။
ရိုးမဘဏ်နှင့် ရိုးမလုပ်ငန်းစု၏ စုပေါင်းလှူဒါန်းမှုသည် “Building a Better Myanmar for its People” ဟူသော ကတိကဝတ်ကိုသာမက ဝန်ထမ်းများ၏ သဒ္ဓါတရားနှင့် စုပေါင်းအင်အားကိုပါ ထင်ဟပ်စေပါသည်။
ယခုကဲ့သို့ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုများအပေါ် ရိုးမဘဏ်အနေနှင့် များစွာစိတ်မကောင်းဖြစ်ကြောင်းနှင့် “ပိုတာတွေလှူ မျှဝေကူ” အစီအစဉ်အရ အခြားသောလှူဒါန်းမှုများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိကဝတ် ပြုပါသည်။
BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal












