သတင်းထုတ်ပြန်ချက်
၁။ နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသော၊ ငွေရေးကြေးရေး နှင့် ငွေရေးကြေးရေးဈေးကွက်တည်ငြိမ်ရေးကို မလိုလားသောအဖျက်သမားများသည် Social Media Platform ဖြစ်သည့် Facebook Group များဖြစ်သော “အခေါက်ရွှေ ရောင်းသူ ဝယ်သူ တိုက်ရိုက်” Public Group နှင့် “Gold” Public Group စသည်တို့မှတဆင့် Profile အတုများ၊ Lock ချထား Profile များ၊ အမည်မဖော်ရဲသဖြင့် Anonymous participant အမည်များ အသုံးပြု၍ မြန်မာ့ငွေစက္ကူအချို့ ဖျက်သိမ်းနိုင်ဖွယ် ရှိနေကြောင်း၊ အသစ်များအစားထိုးဖွယ်ရှိနေကြောင်း၊ ဘဏ်များပိတ်သိမ်းတော့မည်ဖြစ်ကြောင်း စသည်ဖြင့် တည်ငြိမ်လျက်ရှိသောငွေကြေးကဏ္ဍကို ပျက်စီးစေရန်၊ မြန်မာ့ဘဏ်လုပ်ငန်းစနစ် ကမောက်ကမဖြစ်စေရန်၊ နိုင်ငံခြားငွေများအပေါ် ဈေးကစားရန်၊ ကုန်ဈေးနှုန်း ကြီးမြင့်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် သတင်းတု၊ သတင်းယောင်၊ သတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိသည့်အပြင် အခြေအမြစ်မရှိသည့် သတင်းမှားများဖြင့်လည်း ပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေရန် မကြာခဏလုပ်ကြံ ရေးသားလျက်ရှိကြောင်းလည်း တွေ့ရှိရပါသည်။
၂။ အဆို့ပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်သူလူထုအမှန်အတိုင်း သိရှိစေရန်အတွက် ဗဟိုဘဏ် website တွင် ရှင်းလင်းဖော်ပြခဲ့ပြီးဖြစ်ပါသည်။ မည်သည့်ဘဏ်မျှ ပိတ်သိမ်းရသည့်အခြေအနေ၊ ပိတ်သိမ်းရန်အစီအစဉ် လုံးဝမရှိသည့်အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေစက္ကူများ ဖျက်သိမ်းခြင်း၊ အသစ်ထုတ်ဝေခြင်းများကို ပြုလုပ်ရန်အစီအစဉ်မရှိကြောင်း နှင့် မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးစနစ်တည်ငြိမ်မှုကို ပျက်ပြားစေလိုသည့်ရည်ရွယ်ချက်များဖြင့် သတင်းတု၊ သတင်းယောင်၊ သတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိသော လူပုဂ္ဂိုလ်များ ၊ Page/ Group များ၏ Admin များအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရန်အတွက် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
၃။ သို့ဖြစ်ပါ၍ အများပြည်သူများအနေဖြင့် မလိုလားအပ်သည့် ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ် စေရေးအတွက် ပြင်ပမှဖြန့်ဝေလျက်ရှိသည့် ကောလာဟလ သတင်းများအား ယုံကြည်မှုမရှိကြရန် နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင်ထုတ်ဝေထားသည့် ငွေစက္ကူများအား ယုံကြည် စိတ်ချစွာသုံးစွဲနိုင်ပါကြောင်း နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင်ခွင့်ပြုချက် လိုင်စင် ရရှိထားသည့် ဘဏ်များ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများထံတွင် ငွေကြေးနှင့်ပတ်သက်သော ဝန်ဆောင်မှုများဖြစ်သည့် ငွေအပ်နှံခြင်း၊ ငွေလွှဲပြောင်း/လက်ခံခြင်း စသည့် ငွေကြေး ဝန်ဆောင်မှုများအား ယုံကြည်စိတ်ချစွာရယူနိုင်ကြောင်း အသိပေးအပ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
(၁၀-၁၁-၂၀၂၄)