ရင်သားကင်ဆာဝေဒနာရှင်များကို ပံ့ပိုးကူညီရန် Yoma Group ၏ ဦးဆောင်မှုဖြင့် “The Circle of Care” Community Charity Bazaar ကျင်းပ

3 November 2026CSR

ရန်ကုန်၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့ – ရင်သားကင်ဆာရောဂါ သတိပြုကာကွယ်ရေးလ (Pink October) အထိမ်းအမှတ်အဖြစ် ရင်သားကင်ဆာဆိုင်ရာ ကျန်းမာရေးအသိပညာများ ပိုမိုပြန့်ပွားလာစေရန်၊ ကင်ဆာဝေဒနာရှင်များအတွက် လိုအပ်သော အထောက်အပံ့များ ပေးအပ်နိုင်ရန်နှင့် လူမှုအသိုင်းအဝိုင်းအတွင်း အပြန်အလှန်ဖေးမကူညီမှုများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ “The Circle of Care – A Community Charity Bazaar for Cancer Support” အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်နေ့တွင် စတားစီးတီးအိမ်ရာရှိ The Hangar ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစီအစဉ်ကို Yoma Group ၏ ဦးဆောင်မှုဖြင့် ကျင်းပခဲ့ပြီး လုပ်ငန်းခွဲများဖြစ်သော Yoma Bank ၊ Wave ၊ Pocket ၊ Yoma F&B (KFC & YKKO) ၊ Pun Hlaing Hospitals ၊ Yoma Land နှင့် Memories Group တို့ ပါဝင်ခဲ့ကာ အခြား Partner များဖြစ်ကြသည့် ပရူဒန်ရှယ်အာမခံနှင့် Women Transforming Myanmar (WTM) တို့၏ ပူးပေါင်းပါဝင်ပံ့ပိုးမှုဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ The Circle of Care သည် Yoma Group အတွင်းရှိ အဖွဲ့အစည်းအသီးသီး၏ အရင်းအမြစ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းများကို စုစည်းအသုံးချကာ ကင်ဆာဝေဒနာရှင်များအတွက် အဓိပ္ပာယ်ရှိသော အထောက်အပံ့များ ပေးအပ်ရန် ရည်ရွယ်သည့် လူမှုအကျိုးပြုအစီအစဉ်တစ်ခုဖြစ်ပြီး လူမှုအသိုင်းအဝိုင်းအပေါ်ထားရှိသော တာဝန်ယူမှုနှင့် ကတိကဝတ်များကို လက်တွေ့ဖော်ဆောင်ခြင်းလည်း ဖြစ်ပါသည်။

ယင်းနှင့်ပတ်သက်၍ Yoma Group ၏ Head of Culture and Corporate Affairs ဖြစ်သူ မသင်းသန္တာရွှေက “ဒီ Charity Bazaar ကို ကျင်းပရတဲ့ အဓိကရည်ရွယ်ချက်က Yoma Group တစ်ခုလုံးရဲ့ အရင်းအမြစ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းတွေကို စုစည်းပြီး ကင်ဆာဝေဒနာရှင်တွေအတွက် အဓိပ္ပာယ်ရှိတဲ့ အထောက်အပံ့တွေ ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Yoma Group ရဲ့ လုပ်ငန်းခွဲတွေသာမက မိတ်ဖက်အဖွဲ့အစည်းတွေ၊ လုပ်ငန်းရှင်တွေနဲ့ လူမှုအသိုင်းအဝိုင်းကပါ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတာကြောင့် ပိုမိုကျယ်ပြန့်တဲ့ စုပေါင်းလူမှုအကျိုးပြုအစီအစဉ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီလို ပူးပေါင်းပါဝင်မှုတွေကတစ်ဆင့် လူမှုအသိုင်းအဝိုင်းအတွက် ပိုမိုကြီးမားတဲ့ အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ဖန်တီးနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

Community Charity Bazaar တွင် Yoma Bank နှင့် Wave တို့၏ မိတ်ဖက်လုပ်ငန်းရှင်များအပါအဝင် လာရောက်ရောင်းချသူများက အစားအသောက်၊ အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းမျိုးစုံကို ဆိုင်ခန်းများဖွင့်လှစ်ရောင်းချခဲ့ကြပြီး ရိုးမဘဏ်မှ Volunteer ဝန်ထမ်းများ၏ ဂီတဖျော်ဖြေတင်ဆက်မှုများလည်း ပါဝင်ခဲ့ပါသည်။ ထို့အပြင် ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း (Shwe Yaung Hnin Si Cancer Foundation) ၏ President ဖြစ်ပြီး Pun Hlaing Hospitals ၏ Oncology Department မှ Clinical Director ဖြစ်သူ ပါမောက္ခ ဒေါက်တာ ဒေါ်ရင်ရင်ထွန်းက ရင်သားကင်ဆာရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေးအသိပညာများ၊ ရောဂါကို စောစီးစွာ သိရှိနိုင်ရေး၏ အရေးပါမှုနှင့် ကြိုတင်သတိပြုသင့်သည့် အချက်များကို မျှဝေဟောပြောခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကိုလည်း ပြန်လည်ဖြေကြားပေးခဲ့ပါသည်။

အဆိုပါ Charity Bazaar မှ ရရှိသည့် ဆိုင်ခန်းငှားရမ်းခများနှင့် အဖွဲ့အစည်းအသီးသီးမှ ထည့်ဝင်လှူဒါန်းငွေများအားလုံးကို ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းသို့ ရာနှုန်းပြည့် လှူဒါန်းသွားမည်ဖြစ်ပါသည်။ ပွဲသို့ လာရောက်သူများအနေဖြင့်လည်း ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း၏ Wave MMQR မှတစ်ဆင့် လှူဒါန်းငွေများ တိုက်ရိုက်လှူဒါန်းနိုင်ရန် စီစဉ်ပေးခဲ့ကာ ရရှိလာသည့် ရန်ပုံငွေများကို ဖောင်ဒေးရှင်း၏ ကင်ဆာဝေဒနာရှင်များအား ကူညီပံ့ပိုးပေးနေသည့် လုပ်ငန်းစဉ်များမှတစ်ဆင့် အမှန်တကယ်အကူအညီလိုအပ်နေသူများထံ ထိရောက်စွာ ရောက်ရှိစေရန် ရည်ရွယ်ထားပါသည်။

“ကျွန်မတို့အနေနဲ့ လူမှုအကျိုးပြုအစီအစဉ်တစ်ခုရဲ့ အောင်မြင်မှုကို ရန်ပုံငွေဘယ်လောက်ရရှိခဲ့သလဲဆိုတာတစ်ခုတည်းနဲ့ တိုင်းတာလို့မရဘူးလို့ မြင်ပါတယ်။ ရရှိလာတဲ့ ရန်ပုံငွေတွေကတစ်ဆင့် အကူအညီလိုအပ်နေသူတွေအတွက် ဘယ်လောက်အထိ အဓိပ္ပာယ်ရှိတဲ့ အထောက်အပံ့တွေ ပေးနိုင်ခဲ့သလဲ၊ ကျန်းမာရေးအသိပညာတွေ ဘယ်လောက်အထိ မျှဝေနိုင်ခဲ့သလဲ၊ လူတွေရဲ့ ပါဝင်ကူညီလိုစိတ်ကို ဘယ်လောက်အထိ တိုးမြှင့်ပေးနိုင်ခဲ့သလဲဆိုတာတွေကလည်း အရေးကြီးပါတယ်။ ဒီ Charity Bazaar မှာ မိတ်ဖက်လုပ်ငန်းရှင်တွေ၊ အဖွဲ့အစည်းအသီးသီးနဲ့ လာရောက်အားပေးသူတွေ အတူတကွ ပါဝင်ခဲ့ကြတာဟာ အဖွဲ့အစည်းအသီးသီးရဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ အခြားသူတွေကိုပါ ပါဝင်လာစေတဲ့ Ripple Effect ကို ဖန်တီးနိုင်တယ်ဆိုတာကို ပြသနေပါတယ်” ဟု Yoma Bank ၏ Executive Vice President (Marketing and Communications) ဖြစ်သူ မဆောင်းဦးနွယ်က ပြောကြားခဲ့ပါသည်။

ယခုအစီအစဉ်သည် Yoma Group ၏ “Build a Better Myanmar for its people” ဟူသည့် ရည်မှန်းချက်နှင့်အညီ လူမှုအသိုင်းအဝိုင်းအပေါ်ထားရှိသော တာဝန်ယူမှုနှင့် ကတိကဝတ်များကို လက်တွေ့ဖော်ဆောင်ခြင်းဖြစ်ပြီး အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ဂရုစိုက်မှု၊ စာနာနားလည်မှုနှင့် အပြန်အလှန်ဖေးမကူညီမှုများကို မြှင့်တင်ကာ လူမှုအသိုင်းအဝိုင်းအတွက် အဓိပ္ပာယ်ရှိသည့် အပြုသဘောဆောင်သော အပြောင်းအလဲများကို ဆက်လက်ဖော်ဆောင်သွားရန် ရည်ရွယ်ပါသည်။

Share this news on