ခိုင်မာသောပေါင်းစည်းမှု နှင့် ခိုင်မြဲသော အလားအလာ : GIC နှင့် Norfund တို့ မြန်မာနိုင်ငံရှိ ရိုးမဘဏ်မှ ကျပ် ၁၃၁ ဘီလျံတန်ဖိုးရှိ အစုရှယ်ယာများဝယ်ယူ

New & Activities > သတင်းများ

ခိုင်မာသောပေါင်းစည်းမှု နှင့် ခိုင်မြဲသော အလားအလာ : GIC နှင့် Norfund တို့ မြန်မာနိုင်ငံရှိ ရိုးမဘဏ်မှ ကျပ် ၁၃၁ ဘီလျံတန်ဖိုးရှိ အစုရှယ်ယာများဝယ်ယူ

New & Activities > သတင်းများ

ခိုင်မာသောပေါင်းစည်းမှု နှင့် ခိုင်မြဲသော အလားအလာ : GIC နှင့် Norfund တို့ မြန်မာနိုင်ငံရှိ ရိုးမဘဏ်မှ ကျပ် ၁၃၁ ဘီလျံတန်ဖိုးရှိ အစုရှယ်ယာများဝယ်ယူ

9 April 2020သတင်းများ

1 Min Read

ရန်ကုန်၊ မြန်မာ –  ဧပြီလ ၉ ရက်၊ ၂၀၂၀ ခုနှစ် –  GIC ၏ တွဲဖက်အဖွဲ့အစည်းဖြစ်သော Greenwood Capital Pte Ltd နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်ရည်ရွယ်သည့်  နော်ဝေ နိုင်ငံရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ Norfund တို့သည် မြန်မာနိုင်ငံရှိ အကြီးဆုံး ဘဏ်များထဲမှ တစ်ခုဖြစ်သော ရိုးမဘဏ်၏ အစုရှယ်ယာအချို့ကို ဝယ်ယူလိုက်ပြီဖြစ်သည်။

ရှယ်ယာ ထုတ်ဝေမှုများအပြီးတွင် GIC နှင့် Norfund တို့သည် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း International Finance Corporation (IFC) ပြီးနောက် ရိုးမဘဏ်တွင် ရင်းနှီးမြှုပ်နှံသည့် ဒုတိယနှင့် တတိယမြောက် နိုင်ငံခြား ရှယ်ယာရှင်များ ဖြစ်လာမည်ဖြစ်သည်။ IFC သည် ရိုးမဘဏ်တွင် ရင်းနှီးမြှုပ်နှံထားသော ချေးငွေကို အစုရှယ်ယာပိုင်ဆိုင်မှုအဖြစ် ၂၀၁၉ ခုနှစ်၊ မေလတွင်  ပြောင်းလဲခဲ့ခြင်းဖြစ်သည်။  ယခုလို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ရိုးမဘဏ်တွင် ပူးပေါင်းပါဝင်လာမှုသည် ရေရှည်တည်တံ့ခိုင်မြဲသည့် ငွေကြေးအရင်းအနှီး တိုးတက်လာစေရန် ရိုးမဘဏ်၏ ကြိုးပမ်းဆောင်ရွက်မှုကို ထင်ဟပ်နေသကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ရိုးမဘဏ်အပေါ် စိတ်ဝင်စားမှုကိုလည်း ပြသနေခြင်း ဖြစ်ပါသည်။ရှယ်ယာထုတ်ဝေမှုစုစုပေါင်းတန်ဖိုးသည် မြန်မာကျပ် ၁၃၁ ဘီလျံနီးပါးရှိပြီး ရင်းနှီးမြှုပ်နှံမှုအသစ်သည် မြန်မာ့ဘဏ္ဍာရေးကဏ္ဍတွင် ရိုးမဘဏ်၏ ရပ်တည်မှုကို မြှင့်တင်ပေးရာရောက်သကဲ့သို့ မြန်မာနိုင်ငံရှိ ရေရှည်မတည်ရင်းနှီးငွေလိုအပ်နေသော စွန့်ဦးတီထွင်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များကို ပံ့ပိုးပေးနေသည့် ရိုးမဘဏ်၏ ဆောင်ရွက်ချက်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေမည်ဖြစ်ပါသည်။

အထက်ဖော်ပြပါ ရှယ်ယာထုတ်ဝေမှုများနှင့် ထပ်လောင်းအစုရှယ်ယာရယူမှုအပြီးပေါ်မူတည်၍ First Myanamr Investment Company Limited (FMI) သည် ရိုးမဘဏ်ရှိ ၎င်း၏ အစုရှယ်ယာပိုင်ဆိုင်မှုကို ၆၁.၉၉%အထိ တိုးမြှင့်ကာ ရိုးမဘဏ်၏ အကြီးဆုံးအစုရှယ်ယာရှင်အဖြစ် ဆက်လက်ရပ်တည်မည် ဖြစ်ပါသည်။

FMI ၏ အမှုဆောင်ဥက္ကဋ္ဌဖြစ်သူ ဦးသိမ်းဝေ (ခ) Mr. Serge Pun မှ “ဒါဟာ ရိုးမဘဏ်အတွက် အထင်ကရမှတ်ကျောက်တစ်ခုပါပဲ။ ကျွန်တော်တို့အနေနဲ့ ကော်ပိုရိတ် စီမံအုပ်ချုပ်မှုဆိုင်ရာ သာဓကစံနှုန်းတွေနဲ့ ပွင့်လင်းမြင်သာမှုရှိခြင်းတို့ကို တိုးမြှင့်ဖို့ ဆက်လက်ဦးတည်သွားမှာဖြစ်ပါတယ်။ ဒီဦးတည်ဆောင်ရွက်ချက်ကြောင့်ပဲ ကျွန်တော်တို့ရဲ့ အောင်မြင်မှုအတွက် အခြေခံအုတ်မြစ်ကို ထူထောင်ခဲ့ပြီးဖြစ်သလို ဂုဏ်သတင်းကျော်စောတဲ့ နိုင်ငံတကာမိတ်ဖက်ပေါင်းအများအပြားကို ဆွဲဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ GIC နဲ့ Norfund က အခုလို ရိုးမဘဏ်ရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်လာတာဟာ စီးပွားရေးလုပ်တဲ့နေရာမှာ မှန်မှန်ကန်ကန်နဲ့ ဆောင်ရွက်ဖို့ စွဲမြဲခိုင်မာတဲ့ ကျွန်တော်တို့ရဲ့ ဦးတည်ချက်ကို ထင်ဟပ်နေပြီး “ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော် တည်ဆောက်ရန်” ဆိုတဲ့ ရိုးမဘဏ်ရဲ့ မဆုတ်မနစ်တဲ့ ကတိကဝတ်ကို ဖော်ဆောင်နေပါတယ် ” ဟု ပြောကြားခဲ့ပါသည်။
ရိုးမဘဏ်၏ CEO ဖြစ်သူ Mr. Dean Cleland က “ဒီနေ့ဟာဆိုရင် ရိုးမဘဏ်အတွက်တင်သာမက မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍအတွက်ပါ အရေးပါတဲ့ မှတ်တိုင်တစ်ခု စိုက်ထူလိုက်တဲ့နေ့ပါပဲ။ လုပ်ငန်း ရင်းနှီးချေးငွေလိုအပ်ချက်တိုးမြင့်လာတာနဲ့အမျှ ယခုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ဈေးကွက်ထဲမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ရင်းနှီးငွေတန်ဖိုးကို ခိုင်မာစေသလို လုပ်ငန်းတွေကို ချေးငွေထောက်ပံ့ပေးရာမှာ ရိုးမဘဏ်ရဲ့ ဦးဆောင်နေမှုကိုလည်း ထပ်လောင်းတိုးတက်စေမှာဖြစ်ပါတယ်။ အလားတူပဲ ရိုးမဘဏ်ရဲ့ နည်းပညာအသစ်တွေ၊ မဟာမိတ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မှုအသစ်တွေနဲ့ ကျွန်တော်တို့ရဲ့ customer  တွေအတွက် ဘဏ်ဝန်ဆောင်မှုနည်းလမ်းသစ်တွေဖော်ဆောင်ရာမှာ ရင်းနှီးမြှုပ်နှံထားမှုတွေကိုလည်း အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါက တစ်နည်းအားဖြင့် မြန်မာနိုင်ငံမှာ ရေရှည် တည်တံ့ခိုင်မြဲတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ဖို့ အကူအညီပေးနိုင်မှာပဲဖြစ်ပါတယ်” ဟု  ပြောကြားခဲ့သည်။ ဆက်လက်ပြီး Mr. Dean Cleland ကပဲ “ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံသူအားလုံးဟာ ဂုဏ်သတင်းကျော်စောပြီး အင်အားနဲ့ ဖြန့်ကျက်နိုင်မှုကြီးမားတဲ့၊ ရင်းနှီးမြှုပ်နှံမှုအလုံးအရင်းရှိတဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေဖြစ်ပါတယ်။ ယခုလို အစုရှယ်ယာဝယ်ယူမှုက ရိုးမဘဏ်ရဲ့ အနာဂတ်အပေါ် ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ထင်ဟပ်နေပြီး မြန်မာနိုင်ငံရဲ့ ကျင့်ဝတ်မှန်ကန်သော ဘဏ်အဖြစ် ရိုးမဘဏ်ရဲ့ ရပ်တည်ချက်ကို ပိုမိုခိုင်မာစေပါတယ်။” ဟု ထပ်လောင်းပြောကြားခဲ့ပါသည်။

GIC အကြောင်း

GIC သည် စင်ကာပူနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စီမံခန့်ခွဲရန် ၁၉၈၁ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော ထိပ်တန်းကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ရေရှည်တန်ဖိုးအပေါ်တွင် ရင်းနှီးမြှုပ်နှံသူ GIC သည် အစုရှယ်ယာများ၊ ပုံသေဝင်ငွေ၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု၊ အိမ်ခြံမြေနှင့် အခြေခံအဆောက်အအုံများအပါအဝင် ပိုင်ဆိုင်မှုအမျိုးအစား အမျိုးမျိုးတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ဦးတည်ဆောင်ရွက်လျက်ရှိသည်။ ကမ္ဘာ့အဆင့်စီးပွားရေးလုပ်ငန်းများ၏ ရည်မှန်းချက်များပြည့်မီစေရေး ကူညီဆောင်ရွက်ပေးနိုင်ရန် စီမံခန့်ခွဲရေးအဖွဲ့များ၊ ရန်ပုံငွေစီမံခန့်ခွဲသော မန်နေဂျာများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပြီး ကုမ္ပဏီများတွင် တိုက်ရိုက်သော်လည်းကောင်း ရန်ပုံငွေများမှတစ်ဆင့်  သော်လည်းကောင်း ရင်းနှီးမြှုပ်နှံသည်။ GIC သည် နိုင်ငံပေါင်း ၄၀ ကျော်တွင် ရင်းနှီးမြှုပ်နှံ  မှုများ ပြုလုပ်ထားပြီး ထွန်းသစ်စဈေးကွက်တွင် ဆယ်စုနှစ် နှစ်ခုကျော်ကြာ ရင်းနှီးမြှုပ်နှံထားသူဖြစ်သည်။ စင်ကာပူနိုင်ငံ အခြေစိုက် GIC သည် ကမ္ဘာတစ်ဝန်းရှိ အရေးပါသော ဘဏ္ဍာရေးမြို့တော်များတွင် ရုံးခွဲ ၁၀ ခုကျော်ဖွင့်လှစ်ထားပြီး ဝန်ထမ်းပေါင်း ၁,၅၀၀ ကျော်ဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိသည်။ GIC အကြောင်း ပိုမိုသိရှိလိုပါက www.gic.com.sg  သို့မဟုတ် LinkedIn တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

Norfund အကြောင်း

Norfund သည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်ရည်ရွယ်သော နော်ဝေနိုင်ငံရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ ဖြစ်သည်။ နော်ဝေပါလီမန်က ၁၉၉၇ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမှတစ်ဆင့် ဆင်းရဲမှုတိုက်ဖျက်ရေးအတွက်ရည်ရွယ်သည့် အစိုးရ၏ အခရာအဖွဲ့အစည်းဖြစ်သည်။ Norfund ၏ ရည်မှန်းချက်မှာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်မည့် ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် လူနေမှုဘဝများတိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးနိုင်စေရန် ဖြစ်သည်။ ဘဏ္ဍာရေး ကူညီပံ့ပိုးမှုများကို Norfund ၏ ဖွံ့ဖြိုးမှုအကူအညီများဆိုင်ရာ လျာထားဘတ်ဂျက်ငွေမှ ပေးအပ် ခြင်းဖြစ်သည်။ Norfund သည် အာဖရိကတိုက် အရှေ့၊ အနောက်နှင့် တောင်ပိုင်း၊ အရှေ့တောင်အာရှ နှင့် အမေရိကတိုက်အလယ်ပိုင်းရှိ နိုင်ငံများအား အစုရှယ်ယာများ၊ လုပ်ငန်းသစ်များတွင် ရင်းနှီးမြှုပ်နှံ မှုနှင့် ချေးငွေထုတ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ စုစုပေါင်း  အမေရိကန်ဒေါ်လာ ၂.၄ ဘီလျံ တန်ဖိုးရှိသည့် Norfund သည် ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ သန့်စင်သောစွမ်းအင်၊  ဈေးကွက်ချဲ့ထွင် နိုင်ခြေရှိသော စီးပွားရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေခံအဆောက်အအုံများစသည့် စီးပွားရေးဧရိယာလေးခုတွင် ရင်းနှီးမြှုပ်နှံသည်။ အခြားအသေးစိတ်အချက်အလက်များကို www.norfund.no တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

ထပ်မံသိရှိလိုပါက ဤနေရာတွင် ဒေါင်းလုပ် လုပ်၍ ဖတ်ယူနိုင်ပါသည်။

Share this news on