အုပ်ချုပ်မှုပုံစံဖွဲ့စည်းပုံ

Who we are > Governance

အုပ်ချုပ်မှုပုံစံဖွဲ့စည်းပုံ

Who we are > Governance

အုပ်ချုပ်မှုပုံစံဖွဲ့စည်းပုံ

ရိုးမဘဏ်သည် မိမိတို့၏ ကော်ပိုရိတ် စီမံအုပ်ချုပ်မှုဆိုင်ရာ မူဝါဒ (Corporate Governance Policy) တွင် ကော်ပိုရိတ်အုပ်ချုပ်မှု ဖွဲ့စည်းပုံကို ပြဋ္ဌာန်းသတ်မှတ်ထားပါသည်။

ကျွန်ုပ်တို့၏ စီမံအုပ်ချုပ်မှု ဖွဲ့စည်းပုံကို အောက်ပါပုံဖော်ပြချက်တွင် အနှစ်ချုပ် ဖော်ပြထားပါသည်။

ရိုးမဘဏ်၏ ရှယ်ယာရှင်များမှာ FMI ၊ Greenwood Capital Private Limited (GIC ၏ လက်အောက်ခံကုမ္ပဏီတစ်ခု) နှင့် နော်ဝေနိုင်ငံ၏ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ဖြစ်သော Norfund တို့ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့၏ ဒါရိုက်တာအဖွဲ့ ဖွဲ့စည်းပုံသည် အစုရှယ်ယာပိုင်ဆိုင်မှု ဖွဲ့စည်းပုံ အပြောင်းအလဲများအပေါ် မူတည်၍ ပြန်လည် ဖွဲ့စည်းပါသည်။

ကျွန်ုပ်တို့၏ အစုရှယ်ယာပိုင်ဆိုင်မှု ဖွဲ့စည်းပုံကို အောက်ပါအတိုင်း အနှစ်ချုပ်ဖော်ပြအပ်ပါသည်။

နှစ်ပတ်လည် အထွေထွေအစည်းအဝေး (AGM) များကို ပုံမှန်အားဖြင့် ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌက သဘာပတိအဖြစ် ဆောင်ရွက်ပါသည်။ အဆိုပါ အစည်းအဝေးများတွင် ရှယ်ယာရှင်များက အောက်ပါကိစ္စရပ်များကို ဆောင်ရွက်ကြသည်။

  • ဒါရိုက်တာအဖွဲ့ဝင်များကို ရွေးချယ်တင်မြှောက်ခြင်း။
  • ဒါရိုက်တာအဖွဲ့၏ အကြံပြုချက်အပေါ် အခြေခံ၍ ဒါရိုက်တာများ၏ လစာနှင့်အခြားခံစားခွင့်များဆိုင်ရာ မူဝါဒကို အတည်ပြုခြင်း။
  • ပြင်ပစာရင်းစစ်များ ခန့်အပ်ခြင်း။
  • အစုရှယ်ယာ မတည်ရင်းနှီးငွေ ပြောင်းလဲမှုကို အတည်ပြုခြင်း။
  • ဘဏ်၏ အရင်းအမြစ်များ ခွဲဝေချထားမှုကို အတည်ပြုခြင်း။

နောက်ဆုံးအကြိမ် အထွေထွေအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပခဲ့ပြီး ရှယ်ယာရှင်များ၊ ဒါရိုက်တာအဖွဲ့ဝင်များနှင့် ပြင်ပစာရင်းစစ်များ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေး ဖိတ်ကြားလွှာကို ဤနေရာတွင် ကြည့်ရှုနိုင်ပြီး အစည်းအဝေးမှတ်တမ်းကို ဤနေရာတွင် ရယူနိုင်ပါသည်။

အောက်ဖော်ပြပါ ဇယားသည် ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ပုဒ်မ ၁၅၆(ဃ) အရ အဖွဲ့ဝင်အားလုံး၏ ၁၀၀ ရာခိုင်နှုန်း သဘောတူညီချက်ဖြင့် ဆုံးဖြတ်အတည်ပြုခဲ့သည့် အချက်များကို အနှစ်ချုပ် ဖော်ပြထားခြင်း ဖြစ်ပါသည်။

ဆွေးနွေးဖြေရှင်းခဲ့သော အကြောင်းအရာများကိုအတည်ပြုမဲ (%) ဆန့်ကျင်မဲ (%)ကြားနေမဲ (%)
က။ ပြင်ပ စာရင်းစစ်အား ခန့်အပ်ခြင်း၁၀၀% – –
ခ။ ဦးထွန်းမြတ်အား (ဥက္ကဋ္ဌ)အဖြစ်ခန့်အပ်ခြင်း၁၀၀% – –
ဂ။ ဦးကြည်အေးအား (ဒါရိုက်တာ) အဖြစ် ခန့်အပ်ခြင်း၁၀၀% – –
ဃ။ ဒေါက်တာ သိန်းဇော်အား (အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ်သော ဒါရိုက်တာ)အဖြစ် ခန့်အပ်ခြင်း၁၀၀% – –
င။ Mr. Chintaman Mahadeo Dixit အား (အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ်သော ဒါရိုက်တာ)အဖြစ် ခန့်အပ်ခြင်း၁၀၀% – –
စ။ Mr. John Alan Staley အား (အမှုဆောင် မဟုတ်သော သီးခြားလွတ်လပ်သော ဒါရိုက်တာ) အဖြစ် ခန့်အပ်ခြင်း၁၀၀%––
ဆ။ ဦးကျော်စိုးလင်းအား (ဒါရိုက်တာ)အဖြစ် ခန့်အပ်ခြင်း၁၀၀%––

ဒါရိုက်တာအဖွဲ့ကို ရှယ်ယာရှင်များက ရွေးချယ်တင်မြှောက်ပြီး ၎င်းတို့သည် ရှယ်ယာရှင်များအပေါ်တွင် တာဝန်ရှိစေရမည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်အမှတ် (၉/၂၀၁၉) နှင့်အညီ ဒါရိုက်တာအဖွဲ့၏ တာဝန်နှင့် လုပ်ငန်းဆောင်တာများကို အနှောင့်အယှက်မရှိစေရန်အတွက် ဒါရိုက်တာများ ခန့်အပ်မှုကို ဆောင်ရွက်ပါသည်။ ရှယ်ယာရှင်များအတွက်သာ သီးသန့်သတ်မှတ်ထားသော ဆုံးဖြတ်ချက်များမှအပ ကျန်ရှိသော လုပ်ငန်းစဉ်များတွင် ထိရောက်သော မဟာဗျူဟာမြောက် လမ်းညွှန်မှုပေးရန်၊ ကြီးကြပ်ကွပ်ကဲမှု ပြုလုပ်ရန်၊ အဓိကကျသော ဝန်ထမ်းရေးရာ ဆုံးဖြတ်ချက်များချမှတ်ရန်၊ အဖွဲ့အစည်း ဖွဲ့စည်းပုံ၊ အုပ်ချုပ်မှုမူဘောင်နှင့် ကျင့်ထုံးများ၊ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုနှင့် လိုက်နာဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများ (Compliance) တို့ကို ဆောင်ရွက်ရန် ဒါရိုက်တာအဖွဲ့တွင် လုပ်ပိုင်ခွင့်ရှိပါသည်။

ဒါရိုက်တာအဖွဲ့၏ အဓိကကျသော အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ကဏ္ဍတာဝန်ဝတ္တရားများ
ဒါရိုက်တာအဖွဲ့ (Board)
  • ဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ သတ်မှတ်ချက်များ၊ အထူးသဖြင့် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ (FI Law) နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အကြောင်းကြားစာများကို လိုက်နာဆောင်ရွက်မှုရှိမရှိ ကြီးကြပ်ကွပ်ကဲခြင်း။
  • ဒါရိုက်တာအဖွဲ့မှ အတည်ပြုထားသော မူဝါဒအားလုံးကို လိုက်နာဆောင်ရွက်စေခြင်း။
  • ဘဏ်၏ ရည်မှန်းချက် (Mission) နှင့် စံနှုန်းတန်ဖိုးများ (Values) ကို သတ်မှတ်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း။
  • ဒါရိုက်တာအဖွဲ့၏ စွမ်းဆောင်ရည် ထိရောက်မှုကို ဆန်းစစ်ခြင်း။
  • ဗဟိုဘဏ်၏ ညွှန်ကြားချက်အမှတ် (၈/၂၀၁၉) ပါ သတ်မှတ်ချက်များနှင့်အညီ ရှယ်ယာရှင်များ ရွေးချယ်တင်မြှောက်နိုင်ရန် ဒါရိုက်တာအဖွဲ့ဝင်သစ်များကို အရည်အချင်းစစ်ဆေး၍ အကြံပြုတင်ပြခြင်း။
  • ဒါရိုက်တာများ၏ လစာနှင့်အခြားခံစားခွင့်များဆိုင်ရာ မူဝါဒကို ရှယ်ယာရှင်များ အတည်ပြုနိုင်ရန်အတွက် အကြံပြုတင်ပြခြင်း။
မဟာဗျူဟာ (Strategy)
  • မဟာဗျူဟာများကို ပြန်လည်သုံးသပ်ခြင်း၊ အတည်ပြုခြင်းနှင့် စောင့်ကြည့်စစ်ဆေးခြင်း။
  • ဘဏ်၏ မဟာဗျူဟာမြောက် ရည်မှန်းချက်များဆီသို့ ဦးတည်ဆောင်ရွက်နေမှုနှင့် ဘဏ်တစ်ခုလုံး၏ စွမ်းဆောင်ရည်တိုးတက်မှု အခြေအနေကို စောင့်ကြည့်စစ်ဆေးခြင်း။
  • အရေးကြီးသော စီးပွားရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ဆုံးဖြတ်ချက်ချမှတ်ခြင်း။
ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုနှင့် ထိန်းချုပ်မှု (Risk & Controls)
  • ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုဆိုင်ရာ မူဘောင်များ၊ ဆက်စပ်မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို အတည်ပြုခြင်းနှင့် ကြီးကြပ်ခြင်း။
  • ခိုင်မာသော လုပ်ငန်းစဥ်ထိန်းချုပ်မှု (Control Environment) ကို တည်ဆောက်ခြင်း။
  • ဘဏ်၏ ဆုံးရှုံးနိုင်ခြေ လက်ခံနိုင်မှု (Risk Appetite) ကို သတ်မှတ်ပေးခြင်း။
  • ပြင်ပစာရင်းစစ်များ ခန့်အပ်ခြင်း၊ ပြန်လည်ခန့်အပ်ခြင်း သို့မဟုတ် တာဝန်မှရပ်စဲခြင်းတို့အတွက် ရှယ်ယာရှင်များကို အကြံပြုခြင်း။
အစီရင်ခံတင်ပြမှု (Reporting)
  • သတ်မှတ်ထားသော စာရင်းကိုင်စံနှုန်း (Accounting Standard) များနှင့်အညီ ဘဏ္ဍာရေးရှင်းတမ်းများနှင့် အစီရင်ခံစာများ တိကျမှန်ကန်မှုရှိရန် သေချာမှုရှိစေခြင်း။
အကျိုးစီးပွားသက်ဆိုင်သူများ (Stakeholders)
  • ဘဏ်၏ စီးပွားရေးပုံစံ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် အကျိုးစီးပွားသက်ဆိုင်သူများ၏ မျှော်မှန်းချက်များကို ထည့်သွင်းစဉ်းစားခြင်း။
  • ဘဏ်၏ လုပ်ငန်းဆောင်ရွက်မှုများသည် လူမှုရေးအရ လူမှုအသိုင်းအဝိုင်းအပေါ် တာဝန်ယူမှုရှိသော ပုံစံဖြင့် ဆောင်ရွက်နေကြောင်း သေချာမှုရှိခြင်း။
လူစွမ်းအားအရင်းအမြစ် (People)
  • လူစွမ်းအားအရင်းအမြစ်ဆိုင်ရာ မူဝါဒများနှင့် မူဘောင်များကို ပြန်လည်သုံးသပ်ခြင်းနှင့် အတည်ပြုခြင်း။
  • ဆက်ခံမည့်သူများအတွက် ကြိုတင်ပြင်ဆင်မှု အစီအစဉ်များ (Succession Plan) ကို ရေးဆွဲခြင်း။
  • စီမံခန့်ခွဲမှုအဖွဲ့အတွက် လစာနှင့်အခြားခံစားခွင့်များကို သတ်မှတ်ပေးခြင်း။

 

ဒါရိုက်တာအဖွဲ့သည် ဘဏ်၏ ဆုံးရှုံးနိုင်ခြေ လက်ခံနိုင်မှု သတ်မှတ်ချက် (Risk Appetite Statement) ကို နှစ်စဉ် သုံးသပ်စစ်ဆေးပြီး အတည်ပြုပါသည်။ အဆိုပါ Statement တွင် ဘဏ်ရင်ဆိုင်နေရသော အဓိကစွန့်စားမှုများနှင့် သက်ဆိုင်ရာ သတ်မှတ်ချက်များကို ဖော်ပြထားပြီး ပြင်ပအခြေအနေများနှင့် မက်ခရိုစီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများ၏ အခြေအနေများအတွင်း အဆိုပါဆုံးရှုံးနိုင်ခြေများကို မည်သို့စီမံခန့်ခွဲမည်ကို သတ်မှတ်ဖော်ပြထားပါသည်။ Risk နှင့် Compliance ဌာနများမှ ခေါင်းဆောင်များသည် ခိုင်မာထိရောက်သော ကြီးကြပ်ကွပ်ကဲမှုကို ပံ့ပိုးနိုင်ရန် ဆုံးရှုံးနိုင်ခြေနှင့် လိုက်နာဆောင်ရွက်မှုဆိုင်ရာ ကြီးကြပ်ထိန်းသိမ်းရေး ကော်မတီထံသို့ ပုံမှန်အစီရင်ခံစာများ တင်ပြပါသည်။ ယင်းကော်မတီသည် ပြောင်းလဲတိုးတက်နေသော အခြေအနေများနှင့် ၎င်းတို့က ဘဏ်၏ မဟာဗျူဟာနှင့် လုပ်ငန်းဆောင်ရွက်မှုများအပေါ် ဖြစ်ပေါ်နိုင်သည့် သက်ရောက်မှုများကို ထည့်သွင်းစဉ်းစား၍ သတ်မှတ်ထားသော ဆုံးရှုံးနိုင်ခြေ လက်ခံနိုင်မှုသည် သင့်လျော်ဆဲဖြစ်ကြောင်း အကဲဖြတ်သုံးသပ်ပါသည်။ ဤအကဲဖြတ်သုံးသပ်မှုများတွင် မတည်ငွေနှင့် ကြွေးမြီဖွဲ့စည်းပုံ (Capital and Debt Structure)၊ ငွေဖြစ်လွယ်မှု (Liquidity)၊ မတည်ငွေလုံလောက်မှု (Capital Adequacy)၊ ချေးငွေကောက်ခံမှုနှင့် ပြန်လည်ပေးဆပ်မှု အခြေအနေများ၊ လုပ်ငန်းလည်ပတ်မှု လုံခြုံရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ကဏ္ဍများကဲ့သို့ အရေးကြီးသော နယ်ပယ်များ ပါဝင်ပါသည်။ Risk Appetite Statement တွင် သတ်မှတ်ထားသော ရည်မှန်းချက်များမှ သိသာထင်ရှားသော ပြောင်းလဲမှုများ သို့မဟုတ် လွဲချော်မှုများ ရှိပါက၊ ဘဏ်၏ မဟာဗျူဟာ ရည်မှန်းချက်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် လိုအပ်သည့် ပြင်ဆင် ဆောင်ရွက်မှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရန် ဒါရိုက်တာအဖွဲ့ထံ ချက်ချင်း အစီရင်ခံတင်ပြပါသည်။

 

ကျွန်ုပ်တို့၏ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ဤနေရာတွင် အသေးစိတ် ထပ်မံလေ့လာနိုင်ပါသည်။

ဒါရိုက်တာအဖွဲ့သည် ၎င်းတို့၏ စွမ်းဆောင်ရည်ထိရောက်မှုကို ပိုမိုအားကောင်းလာစေရန်အတွက် နှစ်စဉ် အကဲဖြတ်ခြင်း (Self-evaluation) ကို ဆောင်ရွက်ပါသည်။ ဤဆန်းစစ်မှုလုပ်ငန်းစဉ်ကို ဝန်ထမ်း၊ အခကြေးငွေနှင့် ရွေးကောက်တင်မြောက်ခြင်းဆိုင်ရာ ကော်မတီက ကူညီဆောင်ရွက်ပေးပြီး အဓိကမှတ်ချက်များကို ဒါရိုက်တာအဖွဲ့ထံသို့ အစီရင်ခံတင်ပြပါသည်။ အဆိုပါ လုပ်ငန်းစဉ်တွင် ဒါရိုက်တာအဖွဲ့၏ လေ့လာစောင့်ကြည့်သူများ (Observers) နှင့် စီမံခန့်ခွဲမှုအဖွဲ့ (Leadership Team) ကိုလည်း ပါဝင်ရန် ဖိတ်ခေါ်ပါသည်။ အကဲဖြတ်မှုကို လျှို့ဝှက်အနေဖြင့် ထိန်းသိမ်းဆောင်ရွက်ပြီး အဓိကကဏ္ဍ (၅) ခုဖြင့် ခွဲခြားထားပါသည်။

  • လုပ်ပိုင်ခွင့်နှင့် အထွေထွေအချက်အလက်များ (Authorities and General Information): ဤကဏ္ဍတွင် ဒါရိုက်တာအဖွဲ့၏ လုပ်ပိုင်ခွင့်များ၊ အခန်းကဏ္ဍများနှင့် ဘဏ်၏အကျိုးစီးပွားနှင့် ရှယ်ယာရှင်များ၏ တန်ဖိုးကို ကာကွယ်ပေးနိုင်မှု အခြေအနေများကို ဆန်းစစ်ပါသည်။ ထို့ပြင် ဘဏ်၏ မဟာဗျူဟာကို လမ်းညွှန် ချမှတ်ပေးနိုင်မှုနှင့် အမှုဆောင်အရာရှိချုပ်၏ စွမ်းဆောင်ရည်ကို စီမံခန့်ခွဲနိုင်မှုတို့တွင် ဒါရိုက်တာအဖွဲ့၏ ထိရောက်မှုကိုလည်း အကဲဖြတ်ပါသည်။
  • ဒါရိုက်တာအဖွဲ့ ဖွဲ့စည်းမှု (Board Composition): ဒါရိုက်တာအဖွဲ့နှင့် ၎င်းကော်မတီအသီးသီး၏ ဖွဲ့စည်းပုံများကို လေ့လာဆန်းစစ်ပါသည်။
  • ဖွဲ့စည်းပုံနှင့် ကော်မတီများ (Structure and Committees): ကော်မတီများ၏ ဖွဲ့စည်းပုံ၊ ပါဝင်မှု၊ ထိရောက်မှုနှင့် ကော်မတီအစည်းအဝေး ဆွေးနွေးချက်များကို ကော်မတီဝင်မဟုတ်သူများထံသို့ ပြန်လည်မျှဝေပြီး အခြေအနေများကို ဆန်းစစ်ပါသည်။
  • တာဝန်နှင့် တာဝန်ခံမှုများ (Duties and Liabilities): သစ္စာရှိမှု၊ စာနာနားလည်မှုနှင့် စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များအပေါ် တာဝန်ရှိမှုတို့နှင့် ပတ်သက်၍ အကဲဖြတ်ပါသည်။ ထို့ပြင် ဘဏ်၏လုပ်ငန်းများကို လေ့လာနိုင်ခြင်း၊ စီမံခန့်ခွဲမှုအဖွဲ့အား အပြုသဘောဖြင့် စိန်ခေါ်မေးခွန်းထုတ်ခြင်းနှင့် အကျိုးစီးပွား ပဋိပက္ခများကို ထုတ်ဖော်ပြောဆိုခြင်း ရှိ၊ မရှိတို့ကိုလည်း ဆန်းစစ်ပါသည်။
  • လုပ်ငန်းလုပ်ထုံးလုပ်နည်းများ (Working Procedures): ဘဏ်၏ လုပ်ငန်းဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းများ မည်မျှထိရောက်မှုရှိသည်ကို ထည့်သွင်းစဉ်းစား ဆန်းစစ်ပါသည်။

ရိုးမဘဏ်သည် ဒါရိုက်တာအဖွဲ့မှ အတည်ပြုထားသော ဆက်စပ်အဖွဲအစည်းများနှင့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ မူဝါဒ (Related Party Transaction Policy) ကို ကျင့်သုံးလျက်ရှိပါသည်။ ဆက်စပ်အဖွဲအစည်းများနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် ပြင်ပစီးပွားရေးလုပ်ငန်းရှင်များအကြား ဆောင်ရွက်သကဲ့သို့ တန်းတူညီမျှရှိစေရန်နှင့် ဘဏ်မှ ပေးချေခြင်း သို့မဟုတ် လက်ခံရရှိခြင်းတို့တွင် အလားတူအခြေအနေမျိုးရှိသည့် ပြင်ပတတိယ အဖွဲ့အစည်းများထက် လျော့နည်းခြင်းမရှိသော အကျိုးခံစားခွင့်များ ရရှိစေရန် အာမခံနိုင်ရန်အတွက် ဖြစ်ပါသည်။

အကျိုးစီးပွားပဋိပက္ခ ဖြစ်ပေါ်လာနိုင်ခြေ သို့မဟုတ် အမှန်တကယ်ဖြစ်ပေါ်နေမှုများကို ရှောင်ရှားနိုင်ရန်အတွက် စာရင်းစစ်ကော်မတီ (Audit Committee) သည် ဆက်နွှယ်သူများနှင့် လုပ်ငန်းဆောင်ရွက်မှုများ၏ သင့်လျော်မှန်ကန်မှုကို ကြီးကြပ်စစ်ဆေးပါသည်။ ဘဏ်အနေဖြင့် ဆက်စပ်အဖွဲ့အစည်းများနှင့် စနစ်တကျ လုပ်ငန်းဆောင်ရွက်ခြင်းနှင့် မှတ်တမ်းတင်ခြင်းတို့အတွက် လမ်းညွှန်ချက်များကိုလည်း ရေးဆွဲချမှတ်ထားပါသည်။

ဘဏ်နှင့် ဆက်စပ်အဖွဲ့အစည်းများနှင့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ မူဝါဒ၏ ရည်ရွယ်ချက်များမှာ

  • ဘဏ်နှင့် ဆက်စပ်အဖွဲ့အစည်းများနှင့် လုပ်ငန်းဆောင်ရွက်မှုများအတွက် အရေးကြီးသည့် သတ်မှတ်ချက် အတိုင်းအတာများ (Materiality thresholds) ကို ပြဋ္ဌာန်းရန်။
  • ဘဏ်နှင့် ဆက်စပ်အဖွဲ့အစည်းများအကြား လုပ်ငန်းဆောင်ရွက်မှုများကို ဘဏ်နှင့် အကျိုးစီးပွား သက်ဆိုင်သူများ၏ အကျိုးစီးပွားအတွက် တည်ဆဲဥပဒေ/ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ အတည်ပြုခြင်း၊ ထုတ်ဖော်ကြေညာခြင်းနှင့် အစီရင်ခံခြင်းတို့ကို ဆောင်ရွက်ရန် တို့ဖြစ်ပါသည်။

ဒါရိုက်တာအဖွဲ့သည် အဓိကကျသည့် စီမံခန့်ခွဲမှု ရာထူးနေရာများအတွက် ဆက်ခံမည့်သူ လျာထားခြင်းဆိုင်ရာ မူဘောင်ကို ကျင့်သုံးလျက်ရှိပါသည်။ ဤမူဘောင်သည် အမှုဆောင်အရာရှိချုပ် (CEO) နှင့် စီမံခန့်ခွဲသူများအား အရေးပေါ်အခြေအနေတွင်ဖြစ်စေ၊ ကြိုတင်စီမံထားသည့် အပြောင်းအလဲကာလတွင်ဖြစ်စေ အစားထိုးခန့်အပ်နိုင်မည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ လမ်းညွှန်ချက် ဖြစ်သည်။ အမှုဆောင်အရာရှိချုပ် (CEO) သည် ဤလုပ်ငန်းစဉ်တွင် ဒါရိုက်တာအဖွဲ့အား ကူညီပံ့ပိုးပေးရုံသာမက Succession Planning အစီအစဉ်များကို ရေးဆွဲသည့် ကော်မတီတွင်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ပါသည်။ ဤအစီအစဉ်သည် အလားအလာရှိသော ခေါင်းဆောင်များကို အမည်စာရင်းတင်သွင်းပြီး လေကျင့်ပျိုးထောင်ရုံသာမက ဘဏ်၏ အနာဂတ်ခေါင်းဆောင်များကို အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုပိုင်းအရ မွမ်းမံပြင်ဆင်ပေးနိုင်ရန် ဆောင်ရွက်ပေးပါသည်။ ထို့ပြင် ဘဏ်၏ တိုးတက်မှုကို အထောက်အကူပြုနိုင်မည့် အရည်အချင်းပြည့်ဝသော စီမံခန့်ခွဲမှုဝန်ထမ်းများကို ခန့်အပ်ရန်နှင့် ရေရှည်ထိန်းသိမ်းထားနိုင်ရန်အတွက် မဟာဗျူဟာများ ချမှတ်ရာတွင်လည်း လမ်းညွှန်မှုပေးပါသည်။

ဒါရိုက်တာအဖွဲ့သည် Succession Planning အစီအစဉ်ကို ပုံမှန် ပြန်လည်သုံးသပ်ပြီး မွမ်းမံမြှင့်တင်မှုများ ပြုလုပ်ပါသည်။ ရေရှည်စီမံကိန်းများအပြင် အမှုဆောင်အရာရှိတစ်ဦးဦး မမျှော်လင့်ဘဲ တာဝန်မှ ပျက်ကွက်မှုရှိခဲ့ပါက လုပ်ငန်းများ ပြတ်တောက်မှုမရှိစေရန် ကာလတို လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်များအမြဲမပြတ်ရှိစေရန်လည်း ဒါရိုက်တာအဖွဲ့က လုပ်ဆောင်ပါသည်။ အဓိက အမှုဆောင်ရာထူးနေရာများ လစ်လပ်သွားပါက မည်သည့် အကြောင်းကြောင့်ဖြစ်စေ အဆိုပါ လုပ်ငန်းဆောင်တာများကို ချက်ချင်းလွှဲပြောင်းရယူနိုင်မည့် ပုဂ္ဂိုလ်များကိုလည်း ဒါရိုက်တာအဖွဲ့က သတ်မှတ်ထားပါသည်။ ဤလုပ်ငန်းစဉ်သည် ဘဏ်၏ လုပ်ငန်းအဆက်မပြတ် လည်ပတ်နိုင်မှု အစီအစဉ် (Business Continuity Plan) ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။

ဒါရိုက်တာအဖွဲ့သည် ကော်ပိုရိတ် အုပ်ချုပ်မှုစနစ် မူဝါဒ၏ တစ်စိတ်တစ်ပိုင်းအဖြစ် လစာနှင့် ခံစားခွင့်ဆိုင်ရာ မူဘောင်တစ်ရပ်ကို ကျင့်သုံးဆောင်ရွက်ပါသည်။ ဝန်ထမ်း၊ အခကြေးငွေနှင့် ရွေးကောက်တင်မြောက်ခြင်းဆိုင်ရာ ကော်မတီသည် ဤမူဘောင်ကို ပုံမှန် ပြန်လည်သုံးသပ်ပြီး ပြင်ဆင်မှုများ ပြုလုပ်ရန်အတွက် အကြံပြုချက်များကို ဒါရိုက်တာအဖွဲ့ထံ တင်ပြပါသည်။ အဆိုပါ မူဘောင်၏ ရည်ရွယ်ချက်မှာ ဒါရိုက်တာအဖွဲ့ဝင်များ၏ တာဝန်ထမ်းဆောင်မှုအတွက် လစာနှင့် ခံစားခွင့်များကို သတ်မှတ်ဖော်ပြရန် ဖြစ်ပါသည်။

ဝန်ထမ်းများ၏ လစာခံစားခွင့်နှင့် ပတ်သက်၍ ဘဏ်၏ ဆောင်ရွက်မှုတွင် အခြေခံလစာအပြင် စွမ်းဆောင်ရည်၊ ဌာနအလိုက် အောင်မြင်မှုများ၊ တစ်ဦးချင်း၏ ကြိုးပမ်းအားထုတ်မှုနှင့် ကျင့်ဝတ်စည်းကမ်း (Code of Conduct) လိုက်နာမှုတို့အပေါ် အခြေခံသည့် ပြောင်းလဲနိုင်သော ထောက်ပံ့ကြေးများနှင့် ဆုလာဘ်များ ပါဝင်ပါသည်။ ဘဏ်သည် စွမ်းဆောင်ရည်ကို အသိအမှတ်ပြုရန်၊ ဝန်ထမ်းများကို စိတ်အားထက်သန်စေရန်နှင့် အရည်အချင်းရှိသူများကို ရေရှည်ထိန်းသိမ်းထားနိုင်ရန် ရည်ရွယ်၍ စုစုပေါင်းအကျိုးခံစားခွင့်များကို သတ်မှတ်ရာတွင် မျှတသော စနစ်ကို ကျင့်သုံးပါသည်။ ဒါရိုက်တာအဖွဲ့နှင့် စီမံခန့်ခွဲမှုအဖွဲ့တို့သည် တည်ဆဲအလုပ်သမားဥပဒေများနှင့် ကိုက်ညီစေရန်နှင့် ပြောင်းလဲလာသော ဈေးကွက်စံနှုန်းများ၊ လုပ်ငန်းကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများနှင့် လျော်ညီမှုရှိစေရန်အတွက် လစာနှင့် ခံစားခွင့် အစီအစဉ်များ၊ မူဝါဒများနှင့် ကျင့်ထုံးများကို ပုံမှန်ပြန်လည်သုံးသပ်ပါသည်။

ဒါရိုက်တာအဖွဲ့ဝင်များနှင့် အဓိက စီမံခန့်ခွဲသူများ၏ လစာနှင့် ခံစားခွင့်များကို ဘဏ္ဍာရေးရှင်းတမ်းတွင် ထုတ်ဖော် ကြေညာထားပြီး ၎င်းကို ဤနေရာတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် ကုန်ဆုံးသော ကာလအတွက် အဆိုပါ ထုတ်ဖော်ချက်များကို စာရင်းစစ်ဆေးပြီးသော ဘဏ္ဍာရေးရှင်းတမ်း၏ မှတ်ချက် ၇ – ဆက်စပ်အဖွဲအစည်းများနှင့် လုပ်ငန်းဆောင်ရွက်မှုများ (Note 7 – Related Party Transactions) တွင် ဖတ်ရှုနိုင်ပါသည်။

ဥက္ကဋ္ဌသည် ဒါရိုက်တာအဖွဲ့ကို ဦးဆောင်ရန်နှင့် အဖွဲ့၏ လုပ်ဆောင်မှုအလုံးစုံကို ထိရောက်မှုစေရန် တာဝန်ရှိပါသည်။ ဥက္ကဋ္ဌ၏ အဓိကတာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  • ဒါရိုက်တာအဖွဲ့ အစည်းအဝေးများကို စီစဉ်ခြင်း၊ သဘာပတိအဖြစ် ဆောင်ရွက်ခြင်းနှင့် မှတ်တမ်းတင်ခြင်းတို့ကို ကြီးကြပ်ရန်ဖြစ်ပြီး၊ ဒါရိုက်တာအဖွဲ့ဝင်များအနေဖြင့် မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်အတွက် လုံလောက်သော သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်ခြင်း။
  • ဒါရိုက်တာအဖွဲ့၏ လက်အောက်ခံကော်မတီများ ထိရောက်စွာ လည်ပတ်နိုင်စေရန်နှင့် ဒါရိုက်တာ အဖွဲ့ဝင်များနှင့် စီမံခန့်ခွဲမှုအဖွဲ့၏ စွမ်းဆောင်ရည်ကို အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် အကဲဖြတ်ခြင်း။
  • ပွင့်လင်းမြင်သာမှုရှိရှိနှင့် အပြုသဘောဆောင်သည့် ဆွေးနွေးငြင်းခုံမှုများကို အားပေးခြင်း၊ ဒါရိုက်တာ အဖွဲ့ဝင်အားလုံး မိမိတို့၏ အမြင်များကို လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုနိုင်ပြီး ဆွေးနွေးမှုများတွင် ပါဝင်နိုင်ခွင့်ရှိခြင်း။
  • ဒါရိုက်တာအဖွဲ့ဝင်အားလုံးသည် ဘဏ်၏ စီးပွားရေးလုပ်ငန်းဝန်းကျင်ကို နားလည်သဘောပေါက်မှု ပိုမို ခိုင်မာစေရန်အတွက် လိုအပ်သော သင်တန်းများကို ရရှိနိုင်ခြင်း။
  • အသစ်ခန့်အပ်ထားသော ဒါရိုက်တာအဖွဲ့ဝင်များအတွက် စနစ်တကျ လုပ်ငန်းခွင်အသားကျမှုဖြစ်စေရန် ပံ့ပိုးပေးပြီး လက်ရှိအဖွဲ့ဝင်များအတွက်လည်း ဆက်လက်၍ လုပ်ငန်းကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာပေး အစီအစဉ်များကို ဆောင်ရွက်ပေးခြင်း။

စာရင်းစစ်ကော်မတီ (AC) သည် အောက်ပါကိစ္စရပ်များအတွက် တာဝန်ရှိပါသည်။

  • ဘဏ်တွင်း ထိန်းချုပ်မှုစနစ်များနှင့် ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံတင်ပြမှုများ၏ ခိုင်မာမှန်ကန်မှုကို ကာကွယ်စောင့်ရှောက်ရန်။
  • ဘဏ်တွင်းစာရင်းစစ် (Internal Auditor) နှင့် ပြင်ပစာရင်းစစ်များ (External Auditor) ၏ စွမ်းဆောင်ရည်နှင့် ထိရောက်မှုတို့ကို စောင့်ကြည့်စစ်ဆေးရန်။
  • သက်ဆိုင်ရာ ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်မှုရှိစေရန်။

အောက်ဖော်ပြပါ ဇယားတွင် စာရင်းစစ်ကော်မတီ၏ အဓိကတာဝန်ဝတ္တရားများကို အကျဉ်းချုပ် ဖော်ပြထားပါသည်။

ကဏ္ဍတာဝန်ဝတ္တရားများ
လိုက်နာဆောင်ရွက်မှု (Compliance)
  • ဘဏ်အနေဖြင့် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ ဘဏ်တွင်းပိုင်းဆိုင်ရာ စည်းမျဉ်းများနှင့် မူဝါဒများ၊ အထူးသဖြင့် ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းများ (Code of Conduct) ကို လိုက်နာဆောင်ရွက်မှု ရှိစေရန် သေချာစေခြင်း။
  • စာရင်းကိုင်လုပ်ငန်းစဉ်များ တိကျမှန်ကန်ပြီး ခိုင်မာမှုရှိစေရန်နှင့် ဥပဒေ၊ စည်းမျဉ်းများနှင့် ကိုက်ညီမှုရှိစေခြင်း။
ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုနှင့် ထိန်းချုပ်မှု (Risk & Controls)
  • ဘဏ်တွင်းထိန်းချုပ်မှုနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု မူဘောင်များ ထိရောက်မှုရှိစေရန် စောင့်ကြည့်စစ်ဆေးခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း။
  • ဘဏ်တွင်းစာရင်းစစ် (Internal Audit) လုပ်ငန်းစဉ်၏ ထိရောက်မှုကို ပြန်လည်သုံးသပ်ခြင်း။
  • ဘဏ်တွင် အသုံးပြုနေသော ဘဏ္ဍာရေးစနစ် (Financial system) ကို ဆန်းစစ်အကဲဖြတ်ခြင်း။
  • ဘဏ်တွင်းစာရင်းစစ်အရာရှိအား ခန့်အပ်ခြင်းနှင့် တာဝန်မှရပ်စဲခြင်းတို့ကို အတည်ပြုခြင်း။
  • ပြင်ပစာရင်းစစ်များ ခန့်အပ်ခြင်း၊ ပြန်လည်ခန့်အပ်ခြင်း သို့မဟုတ် တာဝန်မှ ဖယ်ရှားခြင်းတို့နှင့် ပတ်သက်၍ ဒါရိုက်တာအဖွဲ့ထံ အကြံပြုခြင်း။
အစီရင်ခံတင်ပြမှု (Reporting)
  • သတင်းအချက်အလက် ထုတ်ပြန်ကြေညာခြင်းနှင့် ပွင့်လင်းမြင်သာမှုဆိုင်ရာ စံနှုန်းများကိုရေးဆွဲခြင်းနှင့် ကြီးကြပ်ခြင်း။
  • ဒါရိုက်တာအဖွဲ့နှင့် ရှယ်ယာရှင်များထံ တင်ပြသည့် နှစ်ချုပ်နှင့် နှစ်ဝက်ဘဏ္ဍာရေးရှင်းတမ်းများ၊ အခြားဘဏ္ဍာရေး အချက်အလက်များကို ပြန်လည်သုံးသပ်ခြင်း။
  • ပြင်ပစာရင်းစစ်များ၏ စာရင်းစစ်ဆေးမှုနည်းလမ်းများ (Audit approach) ကို ပြန်လည်သုံးသပ်ခြင်း။
  • ဘဏ္ဍာရေးအစီရင်ခံခြင်း၊ စာရင်းကိုင်ခြင်း၊ စာရင်းစစ်ခြင်း သို့မဟုတ် အခြားကိစ္စရပ်များနှင့် ပတ်သက်သည့် မသမာမှုများကို သတင်းပေးတိုင်ကြားနိုင်သည့်စနစ် (Whistleblowing system) ခိုင်မာအားကောင်းစေခြင်း။

ဆုံးရှုံးနိုင်ခြေနှင့် လိုက်နာဆောင်ရွက်မှု ကြီးကြပ်ရေးကော်မတီသည် အောက်ပါကိစ္စရပ်များအတွက် တာဝန်ရှိပါသည်။

  • ဘဏ်၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ဆက်စပ်နေသော ချေးငွေ (Credit)၊ ဈေးကွက် (Market)၊ လုပ်ငန်းဆောင်ရွက်မှု (Operational)၊ ငွေဖြစ်လွယ်မှု (Liquidity)၊ ဂုဏ်သိက္ခာ (Reputational)၊ မဟာဗျူဟာ (Strategic) စသည်တို့ကို ရှာဖွေဖော်ထုတ်ခြင်းနှင့် ကြီးကြပ်ရန်။
  • ဘဏ်၏ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု၊ ဆုံးရှုံးနိုင်ခြေလက်ခံနိုင်မှုမူဘောင် (Risk Appetite Framework) နှင့် ဘဏ်လုပ်ငန်းအတွင်း ထိန်းချုပ်မှုစနစ် (Control Environment)တို့ ထိရောက်မှုရှိစေရန်။
  • အရေးကြီးသည့် လိုက်နာဆောင်ရွက်မှုဆိုင်ရာ ပြဿနာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြုပြင်တည့်မတ်ရေး အစီအစဉ်များ၏ တိုးတက်မှုကို စောင့်ကြည့်စစ်ဆေးကာ လိုက်နာဆောင်ရွက်မှုကဏ္ဍ (Compliance Function) ကို ကြီးကြပ်ကွပ်ကဲရန်။
  • တည်ဆဲဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် ဘဏ်အတွင်းမူဝါဒများကို လိုက်နာမှုရှိစေရန်နှင့် လိုက်နာဆောင်ရွက်မှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ်များကို ရှာဖွေဖော်ထုတ်ခြင်း၊ တားဆီးခြင်းနှင့် တုံ့ပြန်ခြင်းတို့အတွက် ဘဏ်၏ မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများအညီ ကိုက်ညီမှု ရှိ၊ မရှိ ဆန်းစစ်ရန်။။

အောက်ဖော်ပြပါ ဇယားတွင် ဆုံးရှုံးနိုင်ခြေနှင့် လိုက်နာဆောင်ရွက်မှု ကြီးကြပ်ရေးထိန်းသိမ်းရေးကော်မတီ၏ အဓိကတာဝန်ဝတ္တရားများကို အကျဉ်းချုပ်ဖော်ပြထားပါသည်။

 

ကဏ္ဍတာဝန်ဝတ္တရားများ
လိုက်နာဆောင်ရွက်မှု (Compliance)
  • ဘဏ်အနေဖြင့် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ (FI Law)၊ နည်းဥပဒေများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာမှုရှိစေရန် သေချာစေခြင်း။
  • ဘဏ်၏ မတည်ရင်းနှီးငွေဆိုင်ရာ ပြဋ္ဌာန်းချက်များကို ပြန်လည်သုံးသပ်ရန်နှင့် ၎င်းတို့သည် လုပ်ငန်းကြီးကြပ်စစ်ဆေးသူ (Regulator) ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် သေချာစေခြင်း။
  • လိုက်နာဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းစဉ်များ (Compliance function) နှင့် တည်ဆဲဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ ဘဏ်အတွင်းပိုင်းမူဝါဒများကို လိုက်နာမှုရှိစေရန် လွတ်လပ်စွာ ကြီးကြပ်ကွပ်ကဲခြင်း။
ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုနှင့် ထိန်းချုပ်မှု (Risk & Controls)
  • ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒများကို အတည်ပြုခြင်း။
  • အဖွဲ့အစည်းဆိုင်ရာ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု (Enterprise Risk Management) မူဘောင်၏ ထိရောက်မှု၊ (အထူးသဖြင့် ဆုံးရှုံးနိုင်ခြေများကို ဖော်ထုတ်ခြင်း၊ တိုင်းတာခြင်း၊ လျှော့ချခြင်းနှင့် စောင့်ကြည့်စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ) ကို ပြန်လည်သုံးသပ်ခြင်း။
  • ဒါရိုက်တာအဖွဲ့မှ အတည်ပြုထားသော ဆုံးရှုံးနိုင်ခြေလက်ခံနိုင်မှု အတိုင်းအတာကို စနစ်တကျ ကျင့်သုံးဆောင်ရွက်မှုကို သေချာစေခြင်း။
  • ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုနှင့် ပတ်သက်၍ စီမံခန့်ခွဲမှုအဖွဲ့မှ တင်ပြသော အစီရင်ခံစာများကို ပြန်လည်သုံးသပ်ခြင်း။
  • ဘဏ်အတွင်း ဆုံးရှုံးနိုင်ခြေဆိုင်ရာ အသိပညာပေး ဆွေးနွေးမှုများနှင့် ဆုံးရှုံးနိုင်ခြေများကို သတိပြုမိသည့် လုပ်ငန်းခွင်ယဉ်ကျေးမှုကို စဉ်ဆက်မပြတ် မြှင့်တင်ခြင်း။
အစီရင်ခံတင်ပြမှု (Reporting)
  • ဆုံးရှုံးနိုင်ခြေ လက်ခံနိုင်မှုဆိုင်ရာ ထုတ်ပြန်ချက်ပါ ရည်မှန်းချက်များမှ သိသာထင်ရှားသော ပြောင်းလဲမှုများ သို့မဟုတ် သွေဖည်မှုများနှင့် လိုက်နာဆောင်ရွက်မှုဆိုင်ရာ ဖောက်ဖျက်မှုများကို ဒါရိုက်တာအဖွဲ့ထံ အချိန်နှင့်တစ်ပြေးညီ အစီရင်ခံတင်ပြခြင်း။

ဝန်ထမ်း၊ လစာနှင့် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ကော်မတီသည် အောက်ပါကိစ္စရပ်များအတွက် တာဝန်ရှိပါသည်။

  • ဘဏ်၏ အဖွဲ့အစည်းဆိုင်ရာ ဖွဲ့စည်းပုံ (Organization Structure) ကို အတည်ပြုရန်။
  • ဒါရိုက်တာများ၊ အမှုဆောင်အရာရှိချုပ် (CEO) နှင့် စီမံခန့်ခွဲမှုအဖွဲ့၏ အဓိကတာဝန်ရှိသူများကို ခန့်အပ်ရန် အကြံပြုခြင်းနှင့် ၎င်းတို့၏ စွမ်းဆောင်ရည်ကို ပြန်လည်သုံးသပ်ရန်။
  • ဘဏ်၏ ရာထူးဆက်ခံမည့်သူ လျာထားခြင်းဆိုင်ရာ အစီအစဉ် (Succession Plan) နှင့် အရေးကြီးသည့် ရာထူးအဆင့်များကို ဖော်ထုတ်သတ်မှတ်ခြင်းတို့အား အတည်ပြုရန်။
  • ဘဏ်၏ အကျိုးခံစားခွင့်ပေးအပ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများသည် ဒါရိုက်တာအဖွဲ့၏ မျှော်မှန်းချက်၊ ဘဏ်၏ စီးပွားရေးရည်မှန်းချက်များနှင့် ကိုက်ညီဆီလျော်မှုရှိစေရန်၊ ဘဏ်၏ လုပ်ငန်းစွမ်းဆောင်ရည် စီမံခန့်ခွဲမှုအစီအစဉ် (Performance Management Plan) ကို ဒါရိုက်တာအဖွဲ့ထံ အကြံပြုတင်ပြရန်။
ခေါင်းစဉ်တာဝန်များ
အဖွဲ့အစည်း (Organization)
  • အမှုဆောင်အရာရှိချုပ် (CEO) ထံ အစီရင်ခံရသည့် အဖွဲ့အစည်းဆိုင်ရာ ဖွဲ့စည်းပုံကို အတည်ပြုခြင်း။
လူစွမ်းအားအရင်းအမြစ် (People)
  • ရှယ်ယာရှင်များ၏ အတည်ပြုခန့်အပ်မှု မပြုမီ ဒါရိုက်တာများ၏ အမည်စာရင်းတင်သွင်းခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဒါရိုက်တာအဖွဲ့ထံ အကြံပြုခြင်း။
  • အမှုဆောင်အရာရှိချုပ် (CEO)၊ ငွေရေးကြေးရေးအရာရှိချုပ် (CFO) နှင့်ဆုံးရှုံးနိုင်ခြေဆိုင်ရာ အရာရှိချုပ် (CRO) တို့ကို ခန့်အပ်ရန် အကြံပြုခြင်းနှင့် ၎င်းတို့၏ နှစ်စဉ်စွမ်းဆောင်ရည်ကို ပြန်လည်ဆန်းစစ်ခြင်း။
  • စီမံခန့်ခွဲမှုအဖွဲ့၏ အဓိကတာဝန်ရှိသူများ (Key management personnel) ၏ စွမ်းဆောင်ရည်ကို အကဲဖြတ်ခြင်း။
  • ဆက်ခံမည့်သူ လျာထားခြင်းဆိုင်ရာ အစီအစဉ်နှင့် အဓိက အရေးပါသော ရာထူးကဏ္ဍများ သတ်မှတ်ခြင်းတို့ကို အတည်ပြုခြင်း။
  • ဒါရိုက်တာအဖွဲ့ဝင်များနှင့် စီမံခန့်ခွဲမှုအဖွဲ့၏ အဓိကတာဝန်ရှိသူများ (ဆိုလိုသည်မှာ ဘဏ်၏လုပ်ငန်းဆောင်ရွက်မှုများကို စီမံကိန်း ရေးဆွဲချမှတ်ခြင်း၊ ဦးဆောင်ညွှန်ကြားခြင်းနှင့် ထိန်းချုပ်ခြင်းတို့တွင် လုပ်ပိုင်ခွင့်နှင့် တာဝန်ရှိသူများ) အတွက် လစာနှင့်ခံစားခွင့် ဆိုင်ရာ မူဘောင်ကို ပြန်လည်သုံးသပ်၍ ဒါရိုက်တာအဖွဲ့ထံ အကြံပြု တင်ပြခြင်း။
  • ဒါရိုက်တာတစ်ဦးချင်းစီနှင့် စီမံခန့်ခွဲမှုအဖွဲ့၏ အဓိက တာဝန်ရှိသူများ အတွက် လစာနှင့်ခံစားခွင့်ဆိုင်ရာ အစီအစဉ်များကို ပြန်လည်သုံးသပ်၍ ဒါရိုက်တာအဖွဲ့အား အကြံပြုတင်ပြခြင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ၎င်းတို့၏ လစာနှင့်ခံစားခွင့်များသည် ဘဏ်၏ မဟာဗျူဟာ၊ ရေရှည်ရည်မှန်းချက်များနှင့် ကိုက်ညီမှုရှိစေရန် သေချာစေခြင်း။

ဆက်စပ် အကြောင်းအရာများ

Key risks

Key risks

ဘဏ်မှချေးငွေ ချေးယူသူမှ ဘဏ္ဍာရေးပိုင်းဆိုင်ရာ စည်းမျည်းစည်းကမ်:များ နှင့် တာဝန်ဝတ္တရားများအား ဆောင်ရွက်ရန်ပျက်ပြားခြင်းမှ ဖြစ်ပေါ်လာနိုင်သော ဆုံးရှုံးနိုင်ခြေများ ကိုဆိုလိုပါသည်။

Read More