မဟာဗျူဟာ
Who we are > ကျွန်ုပ်တို့အကြောင်း
မဟာဗျူဟာ
Who we are > ကျွန်ုပ်တို့အကြောင်း
မဟာဗျူဟာ
ရိုးမဘဏ်သည် “ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော် တည်ဆောက်ရန်” ဟူသည့် ရည်ရွယ်ချက်ဖြင့် ဦးတည်ဆောင်ရွက်နေသည်။ ဘဏ်သည် စီးပွားရေးပတ်ဝန်းကျင်အခြေအနေများကို ထည့်သွင်းစဉ်းစား၍ မဟာဗျူဟာ ဦးတည်ချက်များကို နှစ်စဉ် ပြန်လည်သုံးသပ်လျက် ရှိပြီး၊ ဘဏ်၏ ရေတို/ ရေလတ် ကာလ ယှဉ်ပြိုင်နိုင်စွမ်း အခြေအနေကို အကဲဖြတ်ရန် ဘဏ်ဝန်ဆောင်မှုရယူသူ (Customer) များနှင့် ထိတွေ့ဆက်ဆံကာ မဟာဗျူဟာလုပ်ငန်းစဉ်များကို နှစ်စဉ် ပြန်လည်ဆန်းစစ် ဆောင်ရွက်ပါသည်။
ဤမဟာဗျူဟာစီမံကိန်း၏ ရည်ရွယ်ချက်မှာ ဘဏ်နှင့် ဒါရိုက်တာအဖွဲ့အကြား မဟာဗျူဟာဆိုင်ရာ ဦးစားပေးလုပ်ငန်း များအပေါ် တစ်သားတည်း နားလည်မှု ရှိစေရန်၊ လက်ရှိနှစ်အတွက် အဖွဲ့အစည်း၏ ဦးတည်ချက်ကို ရှင်းလင်းစွာ ချမှတ်ပေးရန်နှင့် အနာဂတ်နှစ်များအတွက် လမ်းညွှန်မှု ပေးနိုင်ရန် ဖြစ်ပါသည်။ အဆိုပါ မဟာဗျူဟာ စီမံကိန်းကို စာမျက်နှာတစ်ခုတည်း၌ ဖော်ပြထားသည့် စီမံကိန်း (Plan on a Page) အဖြစ် ရေးဆွဲထားပြီး ဘဏ်၏ မျှော်မှန်းချက် (Vision)၊ မဟာဗျူဟာမြောက် ရည်မှန်းချက်များ၊ ဘဏ်ဝန်ဆောင်မှုရယူသူများကို ဗဟိုပြုသော တိုင်းတာမှုစံနှုန်းများ၊ အကျိုးရလဒ်များနှင့် သာလွန်ကောင်းမွန်သော ဝန်ဆောင်မှုများအပြင် ရည်မှန်းချက်များကို အောင်မြင်စေရန် လိုအပ်သော အရင်းအမြစ်များနှင့် စွမ်းဆောင်ရည်များကို ရှင်းလင်းစွာ သတ်မှတ်ထားပါသည်။
ရိုးမဘဏ်သည် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေပြီး ရေရှည် အောင်မြင်မှုကို မောင်းနှင်ရန် လျင်မြန်သွက်လက်သော အဖွဲ့အစည်းပုံစံ Agile Organization Model ကို ကျင့်သုံးလျက်ရှိသည်။ ဘဏ်သည် အကျိုးသက်ရောက်မှု မြင့်မားစွာ ရရှိနိုင်သည့် ကဏ္ဍများသို့ အရင်းအမြစ်များ ထိရောက်စွာ ခွဲဝေပေးနိုင်ရန် နှစ်စဉ် မဟာဗျူဟာမြောက် ဦးစားပေးလုပ်ငန်းစဉ်များကို တိကျစွာ သတ်မှတ်သည်။ ထို့နောက် အဆိုပါ ဦးစားပေး လုပ်ငန်းစဉ်များကို SMART ပန်းတိုင်များအဖြစ် အဆင့်ဆင့်ချမှတ်ခြင်းဖြင့် အဖွဲ့အစည်း၏ ရည်မှန်းချက်များ တစ်သားတည်းဖြစ်စေ၍ လုပ်ငန်းစွမ်းဆောင်ရည်တိုင်းတာမှုနှင့် ထိရောက်သော ဆုံးဖြတ်ချက်ချမှတ်မှုများကို ပံ့ပိုးပေးပါသည်။
ဘဏ်သည် Customer များအတွက် အရေးအပါဆုံးဖြစ်သော အဓိက ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရေးအတွက် အာရုံစိုက်ဆောင်ရွက်လျက်ရှိပြီး အချက်အလက်ဒေတာများကို အခြေခံသည့် အဖွဲ့အစည်း (Data-driven Organization) အဖြစ်သို့ ကူးပြောင်းရေး ခရီးစဉ်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ ယင်းမှတစ်ဆင့် Customer များအပေါ် ဗဟိုပြုသည့် ဆုံးဖြတ်ချက်ချမှတ်မှုများ၊ လေ့လာတွေ့ရှိချက်အပေါ်
အခြေခံသည့် မဟာဗျူဟာများ ဝန်ဆောင်မှု အရည်အသွေး မြှင့်တင်မှုများနှင့် ထိရောက်မှုရှိပြီး တိုင်းတာနိုင်သော ရလဒ်ကောင်းများ ရရှိနိုင်ရန် ရည်ရွယ်ပါသည်။
| မဟာဗျူဟာ ရည်မှန်းချက်များ | |
| မြန်မာ့စီးပွားရေး လုပ်ငန်းများကို အကျိုးပြုနိုင်ရန် | မြန်မာနိုင်ငံတွင် ပိုမိုကောင်းမွန်သော စီးပွားရေးပတ်ဝန်းကျင်တစ်ရပ် ဖန်တီးနိုင်ရန် စီးပွားရေးလုပ်ငန်းများအား ငွေကြေးအရင်းအနှီး ရရှိစေရန် ပံ့ပိုးပေးခြင်းသည် အရေးကြီးပါသည်။ အသေးစား၊ အလတ်စားနှင့် အကြီးစားလုပ်ငန်းများသည် နိုင်ငံ့စီးပွားရေး၏ အခြေခံမဏ္ဍိုင်များဖြစ်သောကြောင့် ၎င်းတို့အတွက် ဘဏ္ဍာရေးဝန်ဆောင်မှုများနှင့် ငွေကြေးအရင်းအနှီးများကို လွယ်ကူလျင်မြန်စွာ ရရှိနိုင်စေရန် အလေးထားဆောင်ရွက်လျက် ရှိပါသည်။ |
| ဝန်ဆောင်မှုရယူသူများ၏ အဓိကဘဏ် ဖြစ်လာရန် | ဝန်ဆောင်မှုရယူသူများ၏ ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးကာ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန်၊ ခိုင်မာသောဆက်ဆံရေး တည်ဆောက်နိုင်ရန် ရည်ရွယ်ပါသည်။ နည်းပညာနှင့် အချက်အလက်များကို ထိရောက်စွာ အသုံးချ၍ ဝန်ဆောင်မှုရယူသူများ၏ အတွေ့အကြုံကို မြှင့်တင်ကာ ဘဏ်၏ ဝန်ဆောင်မှုလုပ်ငန်းများ၊ ငွေပေးချေမှု၊ ငွေလွှဲမှုများကို ပိုမိုလွယ်ကူချောမွေ့စေရန် ဆောင်ရွက်လျက်ရှိပါသည်။ |
| အစုရှယ်ယာရှင်များအတွက် တိုးတက်မှုနှင့် တန်ဖိုးများကို ဖန်တီးပေးရန် | ဝန်ဆောင်မှုရယူသူများနှင့် အစုရှယ်ယာရှင်များအတွက် စဉ်ဆက်မပြတ် တိုးတက်မှုနှင့် ရေရှည်တန်ဖိုးများကို ဖန်တီးပေးရန် ရည်ရွယ်ပါသည်။ |
အထက်ပါ မဟာဗျူဟာမြောက် ရည်မှန်းချက်များအပြင် ဘဏ်အနေဖြင့် အထူးအလေးပေးဆောင်ရွက်ရမည့် ကဏ္ဍများကိုလည်း အောက်ပါအတိုင်း သတ်မှတ်ထားပါသည်။
- လူစွမ်းအားအရင်းအမြစ် – တာဝန်ခွဲဝေမှုပုံစံ၊ အရည်အချင်းစံနှုန်းများ၊ စွမ်းဆောင်ရည် စီမံခန့်ခွဲမှုဘောင်၊ အဖွဲ့အစည်းဖွဲ့စည်းပုံနှင့် လစာ/အကျိုးခံစားခွင့် နှိုင်းယှဉ်သတ်မှတ်မှုများကို Way We Work အစီအစဉ်မှတစ်ဆင့် အကောင်အထည်ဖော်လျက်ရှိပါသည်။
- လုပ်ငန်းလည်ပတ်မှု – စွမ်းဆောင်ရည်နှင့် ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စေရန် လုပ်ငန်းစဉ်များကို အကောင်းဆုံးဖြစ်အောင် ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
- ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု – ဘဏ်၏ မျှော်မှန်းချက်များနှင့် ဆုံးရှုံးနိုင်ခြေ လက်ခံနိုင်မှု (Risk Appetite) အကြား ဟန်ချက်ညီညီနှင့် မျှတမှုရှိရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။
- လိုက်နာဆောင်ရွက်မှု – ဝန်ဆောင်မှုရယူသူအရေအတွက် တိုးတက်လာသည်နှင့်အမျှ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် ဝန်ဆောင်မှုရယူသူ၏ အချက်အလက်များ သိရှိရေး Know Your Customer (KYC) လုပ်ငန်းစဉ်များကို အစဉ်မပြတ် ပိုမိုအားကောင်းစေရန် ဆောင်ရွက်လျက်ရှိသည်။
ရိုးမဘဏ်၏ ဝန်ထမ်းများအားလုံးသည် ဘဏ်၏ မဟာဗျူဟာ စီမံကိန်းနှင့် ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဆန်းသစ်တီထွင်မှုနှင့် အဖွဲ့အစည်း၏ စွမ်းဆောင်ရည်များ မြှင့်တင်ခြင်းမှတစ်ဆင့် ဝန်ဆောင်မှုရယူသူများကို ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုပေးနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။
ဒါရိုက်တာအဖွဲ့၏ မဟာဗျူဟာဆိုင်ရာ ပြန်လည်သုံးသပ်မှုနှင့် ကြီးကြပ်ကွပ်ကဲမှု
ဒါရိုက်တာအဖွဲ့သည် နှစ်စဉ် ပြန်လည်သုံးသပ်မှုနှင့် စဉ်ဆက်မပြတ် စွမ်းဆောင်ရည် စောင့်ကြည့်အကဲဖြတ်မှု လုပ်ငန်းစဉ်များမှတစ်ဆင့် ဘဏ်၏ မဟာဗျူဟာဆိုင်ရာ ဦးတည်ချက်ကို ကြီးကြပ်ကွပ်ကဲပါသည်။ နှစ်စဉ် ဒါရိုက်တာအဖွဲ့သည် မဟာဗျူဟာဆိုင်ရာ ဦးစားပေးရည်မှန်းချက်များ၊ လုပ်ငန်းအစီအစဉ် (Business Plan) ၊ ခန့်မှန်းခြေငွေစာရင်း (Budget) ၊ ဆုံးရှုံးနိုင်ခြေလက်ခံနိုင်မှုအဆင့် (Risk Appetite) နှင့် အဓိက စွမ်းဆောင်ရည် ရည်မှန်းချက်များ (Key Performance Targets) ကို ပြန်လည်သုံးသပ်ပြီး အတည်ပြုပါသည်။ တစ်နှစ်ပတ်လုံးတွင် ဒါရိုက်တာအဖွဲ့သည် စီမံခန့်ခွဲမှုအဖွဲ့ထံမှ ပုံမှန် အစီရင်ခံတင်ပြမှုများကို လက်ခံရရှိကာ မဟာဗျူဟာရည်မှန်းချက်များ အပေါ် တိုးတက်ဆောင်ရွက်မှုကို စောင့်ကြည့်အကဲဖြတ်ပါသည်။ ထို့ပြင် အဓိက ယူဆချက်များ (Key Assumptions) ကို ဝေဖန်ဆန်းစစ်သုံးသပ်ပြီး ပေါ်ပေါက်လာနိုင်သည့် ဆုံးရှုံးနိုင်ခြေများနှင့် အခွင့်အလမ်းအသစ်များကိုလည်း အကဲဖြတ်ပါသည်။ ဤလုပ်ငန်းစဉ်သည် ဘဏ်၏ ရေရှည်ရည်မှန်းချက်များကို ၎င်း၏ Mission၊ Vision၊ ဆုံးရှုံးနိုင်ခြေလက်ခံနိုင်မှုအဆင့် (Risk Appetite) နှင့် ရေရှည်တည်တံ့ခိုင်မြဲသော တန်ဖိုးဖန်တီးမှု (Sustainable Value Creation) အပေါ်ထားရှိသော ကတိကဝတ်များနှင့် ကိုက်ညီစွာ ဆက်လက်အကောင်အထည်ဖော်နိုင်စေရန် ဆောင်ရွက်လျက်ရှိပါသည်။

မဟာဗျူဟာဆိုင်ရာ အကဲဖြတ်သုံးသပ်ချက် (Strategic Assessment) – စီမံခန့်ခွဲမှုအဖွဲ့သည် လုပ်ငန်းဆောင်ရွက်မှု ပတ်ဝန်းကျင်၊ ဈေးကွက်လမ်းကြောင်းများ၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ၊ အဓိက ဆုံးရှုံးနိုင်ခြေများနှင့် အခွင့်အလမ်းများကို အကဲဖြတ်သုံးသပ်ပါသည်။
မဟာဗျူဟာ ရေးဆွဲခြင်းနှင့် အတည်ပြုခြင်း (Strategy Formulation and Approval) – ဒါရိုက်တာအဖွဲ့သည် ဘဏ်၏ မဟာဗျူဟာဆိုင်ရာ ဦးစားပေးလုပ်ငန်းများ၊ နှစ်စဉ်လုပ်ငန်းစီမံကိန်း၊ ဘတ်ဂျက်၊ ဆုံးရှုံးနိုင်ခြေလက်ခံနိုင်မှုအဆင့် (Risk Appetite) နှင့် အဓိက လုပ်ဆောင်နိုင်ရည် ပန်းတိုင်များကို ပြန်လည်သုံးသပ်၊ ဝေဖန်ဆန်းစစ်ပြီး အတည်ပြုပါသည်။
အကောင်အထည်ဖော်မှု ကြီးကြပ်ကွပ်ကဲခြင်း (Implementation Oversight) – စီမံခန့်ခွဲမှုအဖွဲ့သည် အတည်ပြုထားသော မဟာဗျူဟာကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး ရည်မှန်းချက်များနှင့် အဓိက KPI များ၏ တိုးတက်မှုအခြေအနေများကို ပုံမှန်အစီရင်ခံတင်ပြပါသည်။ ဒါရိုက်တာအဖွဲ့နှင့် ၎င်း၏ ကော်မတီများသည် မိမိတို့၏ တာဝန်ဝတ္တရားအလိုက် သက်ဆိုင်ရာကိစ္စရပ်များကို သုံးသပ်ဆောင်ရွက်ပြီး မဟာဗျူဟာဆိုင်ရာ ကြီးကြပ်ကွပ်ကဲမှုကို ပံ့ပိုးရန် အကြံပြုချက်များ ပေးအပ်ပါသည်။
စွမ်းဆောင်ရည်နှင့် ဆုံးရှုံးနိုင်ခြေများ စောင့်ကြည့်လေ့လာခြင်း (Performance and Risk Monitoring) – ဒါရိုက်တာအဖွဲ့သည် ဘဏ္ဍာရေးနှင့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ စွမ်းဆောင်ရည်များကို စောင့်ကြည့်သုံးသပ်ပြီး၊ သိသာထင်ရှားသော ကွဲလွဲချက်များကို ပြန်လည်သုံးသပ်ကာ ဘဏ်၏ ဆုံးရှုံးနိုင်ခြေလက်ခံနိုင်မှုအဆင့် (Risk Appetite) နှင့် ကိုက်ညီမှုရှိမရှိကို အကဲဖြတ်ပါသည်။
နှစ်စဉ် ပြန်လည်သုံးသပ်ခြင်း (Annual Review) – ဒါရိုက်တာအဖွဲ့သည် မဟာဗျူဟာကို နှစ်စဉ် ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက ပြောင်းလဲလာသော လုပ်ငန်းနှင့် ဈေးကွက်အခြေအနေများအကြား ကိုက်ညီစေရန် မဟာဗျူဟာဆိုင်ရာ ဦးစားပေးလုပ်ငန်းစဥ်များကို ပြင်ဆင်မွမ်းမံပါသည်။
ကျွန်ုပ်တို့၏ စီးပွားရေးပုံစံ

မတည်ငွေနှင့် ကြွေးမြီဖွဲ့စည်းပုံ
ဘဏ်၏ မတည်ငွေနှင့် ကြွေးမြီဖွဲ့စည်းပုံ (Capital and Debt structure) ကို အရေးကြီးသော စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်တစ်ခုအဖြစ် စီမံခန့်ခွဲမှုအဖွဲ့သည် ပေးရန်တာဝန်နှင့် ရပိုင်ခွင့်များ စီမံခန့်ခွဲရေးကော်မတီ (ALCO) မှတစ်ဆင့် လစဉ် သုံးသပ်စိစစ်ပါသည်။ ထို့နောက် စီမံခန့်ခွဲမှုအဖွဲ့က သုံးသပ်တွေ့ရှိချက်များကို ဒါရိုက်တာအဖွဲ့သို့ သုံးလတစ်ကြိမ် အစီရင်ခံတင်ပြသည်။ ဤသုံးသပ်မှုများသည် ဘဏ်၏ မတည်ငွေနှင့် ကြွေးမြီအဆင့်များကို ဆုံးရှုံးနိုင်ခြေလက်ခံနိုင်မှု (Risk Appetite) သတ်မှတ်ဘောင်အတွင်း ရှိစေရန်နှင့် ဘဏ်၏ မဟာဗျူဟာဦးတည်ချက်များ၊ ရေရှည်တည်တံ့ခိုင်မြဲသော ရည်မှန်းချက်များနှင့် ကိုက်ညီမှုရှိစေရန် အာမခံပေးပါသည်။
အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှု
ကူးစက်ရောဂါများ၊ သဘာဝဘေးအန္တရာယ်များ၊ ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများနှင့် စီးပွားရေး မသေချာမှုများကြောင့် မြန်မာနိုင်ငံ၏ လုပ်ငန်းလည်ပတ်မှု ပတ်ဝန်းကျင်သည် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရကြောင်း ဘဏ်မှ အသိအမှတ်ပြုထားပါသည်။ ထို့ကြောင့် ဒါရိုက်တာအဖွဲ့နှင့် စီမံခန့်ခွဲမှုအဖွဲ့သည် ဘဏ်၏ လုပ်ငန်းလည်ပတ်မှု ကြံ့ခံနိုင်စွမ်းကို ကာကွယ်ထိန်းသိမ်းနိုင်ရန် ကြိုတင်ပြင်ဆင်ထားသော အစီအစဉ်များကို အကောင်အထည်ဖော်ခဲ့ပါသည်။ မတည်ငြိမ်မှုများနှင့် မျှော်လင့်မထားသော အပြောင်းအလဲများ၊ အခြေအနေများကို တုံ့ပြန်နိုင်ရန် ဘဏ်သည် ဆုံးရှုံးနိုင်ခြေများကို ဖော်ထုတ်ခြင်းနှင့် စီမံခန့်ခွဲခြင်း လုပ်ငန်းစဉ်များကို ပိုမိုခိုင်မာအောင် ဆောင်ရွက်ထားပြီး အရေးကြီးသော ဘဏ္ဍာရေးဝန်ဆောင်မှုများကို ဝန်ဆောင်မှုရယူသူများထံ စဉ်ဆက်မပြတ် ပေးအပ်နိုင်ရန် အစီအစဉ်များကိုလည်း ရေးဆွဲထားပါသည်။
ရိုးမဘဏ်သည် လုပ်ငန်းလုပ်ဆောင်မှုများ အဆက်မပြတ် လည်ပတ်စေရန်နှင့် ယုံကြည်စိတ်ချရပြီး မြန်ဆန်ချောမွေ့သော ဘဏ္ဍာရေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်ရန် အောက်ပါ အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှု (Crisis Response) အစီအစဉ်များကို အကောင်အထည်ဖော်ထားသည်။
- အရေးပေါ်အခြေအနေစီမံခန့်ခွဲရေးအဖွဲ့ (Crisis Management Team) – ဘဏ်သည် လုပ်ငန်းစဉ်များ အဆက်မပြတ် လည်ပတ်နိုင်ရေး အစီအစဥ် (Business Continuity Plan) ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အရေးပေါ်အခြေအနေစီမံခန့်ခွဲရေးအဖွဲ့ကို COVID-19 ကပ်ရောဂါ ကာလအတွင်း စတင် ဖွဲ့စည်းခဲ့သည်။ Business Continuity Plan တွင် အရေးပေါ် အခြေအနေကို အဆင့် (၄) ဆင့် (အနက်၊ အနီ၊ အဝါ နှင့် အစိမ်း) ဖြင့် သတ်မှတ်ထားပြီး၊ အခြေအနေတစ်ခုချင်းစီတွင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများပေါ် မူတည်၍ လိုအပ်သော တုံ့ပြန်ဆောင်ရွက်မှုများနှင့် ဝန်ဆောင်မှုများကို အသေးစိတ် ရေးဆွဲထားသည်။ ထို့ပြင် အရးပေါ်အခြေအနေတွင် အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်၍ တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် အရေးပေါ်ဆက်သွယ်ရေး ကွန်ယက်စနစ် (Call Tree System) ကိုလည်း ကျင့်သုံးလျက်ရှိသည်။
- သဘာဝဘေးအန္တရာယ်များအပေါ် တုံ့ပြန်ဆောင်ရွက်မှု – ဘဏ်သည် သဘာဝဘေးအန္တရာယ်များကို တုံ့ပြန်ရာတွင် အဓိက နယ်ပယ် (၃) ခုကို ဦးစားပေး ဆောင်ရွက်ပါသည်။ (၁) ဘေးအန္တရာယ်ဖြစ်ပွားစဉ်နှင့် ဖြစ်ပွားပြီးနောက် ဝန်ထမ်းများ၏ လုံခြုံရေးနှင့် ကျန်းမာရေးကို ကာကွယ်နိုင်ရန်အတွက် အရေးပေါ် လိုအပ်ချက်များအား ချက်ချင်း စစ်ဆေးခြင်းနှင့် ဖြစ်ရပ်အပြီး ပြန်လည်ဆန်းစစ်မှုများ ဆောင်ရွက်ခြင်း။ (၂) ဘဏ်ဝန်ဆောင်မှုများ ဆက်လက်လည်ပတ်နိုင်မှု Business Continuity Plan ကို အချိန်နှင့် တပြေးညီဆောင်ရွက်ခြင်းနှင့် ထိခိုက်မှုဖြစ်ပွားသည့် ဒေသများတွင် ဝန်ဆောင်မှုများကို အမြန်ဆုံး ပြန်လည်ပေးအပ်ခြင်းဖြင့် လုပ်ငန်းလည်ပတ်မှုများ နှောင်းနှေးခြင်းမရှိစေရန် ဆောင်ရွက်ခြင်း။ (၃) ထိခိုက်မှုဖြစ်ပွားသည့် ဒေသများရှိ Customer များအား ချေးငွေပေးဆပ်ရမည့် အစီအစဉ်များ ပြန်လည်ပြင်ဆင်ပေးခြင်း၊ ချေးငွေအရင်းပေးဆပ်မှုကို ယာယီရွှေ့ဆိုင်းခွင့်ပေးသည့် အစီအစဉ်များနှင့် မရှိမဖြစ်လိုအပ်သော ဘဏ်ဝန်ဆောင်မှုများကို ဆက်လက်ရရှိနိုင်စေရန် အချိန်မီ ပံ့ပိုးကူညီခြင်း။
- ငွေဖြစ်လွယ်မှု စီမံခန့်ခွဲခြင်း (Liquidity Management) – ပိုင်ဆိုင်မှုများနှင့် ပေးရန်တာဝန်များ စီမံခန့်ခွဲရေး ကော်မတီ (ALCO) သည် ဘဏ်၏ ပိုင်ဆိုင်မှုများ (Assets) နှင့် မတည်ငွေရင်းများကို စောင့်ကြည့် သုံးသပ်လျက်ရှိပြီး ငွေဖြစ်လွယ်ကူမှုနှင့် မတည်ငွေရင်း လုံလောက်မှု အဆင့်များသည် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ ဘဏ်၏ ဆုံးရှုံးနိုင်ခြေ လက်ခံနိုင်မှု အတိုင်းအတာ (Risk Appetite) တို့နှင့် ကိုက်ညီမှုရှိစေရန် ကြီးကြပ်ဆောင်ရွက်သည်။ လက်ရှိတွင် သယ်ယူပို့ဆောင်ရေးနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုအချို့ ရှိနေသော်လည်း ဘဏ်၏ ငွေသားစီမံခန့်ခွဲမှုအဖွဲ့ (Cash Management Team) သည် ဘဏ်ခွဲကွန်ရက်တစ်ခုလုံးတွင် ငွေသားလုံလောက်မှုရှိစေရန် စီမံထားရှိခြင်းဖြင့် ဝန်ဆောင်မှုများ အဆက်မပြတ်ပေးအပ်နိုင်ရေး၊ ဝန်ဆောင်မှုအရည်အသွေး ထိန်းသိမ်းနိုင်ရေးနှင့် လုပ်ငန်းလည်ပတ်မှု တည်ငြိမ်ရေးတို့ကို ပံ့ပိုးလျက်ရှိပါသည်။
BizSpace Portal
Payroll Portal
Supply Chain Financing
