ဒါရိုက်တာအဖွဲ့

Who we are > ကျွန်ုပ်တို့အကြောင်း

ဒါရိုက်တာအဖွဲ့

Who we are > ကျွန်ုပ်တို့အကြောင်း

ဒါရိုက်တာအဖွဲ့

ဒါရိုက်တာအဖွဲ့သည် ရိုးမဘဏ်၏ လုပ်ငန်းနည်းဗျူဟာကို ပဲ့ကိုင်ပေးခြင်း၊ စီမံခန့်ခွဲမှုအဖွဲ့ခေါင်းဆောင်များကို ဦးဆောင်ခြင်းနှင့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း တိကျမှန်ကန်စွာ ဆောင်ရွက်နိုင်ရန် တည့်မတ် ဦးဆောင်ပေးလျက် ရှိသည်။

ဒါရိုက်တာအဖွဲ့သည် ရိုးမဘဏ်၏ ကော်ပိုရိတ်ယဉ်ကျေးမှုနှင့် အမြုတေတန်ဖိုးများကို ပုံဖော်ရန် တာဝန်ရှိသည်။ ထို့ပြင် ဒါရိုက်တာအဖွဲ့၏ အဓိကတာဝန်မှာ အစုရှယ်ယာရှင်များနှင့် အကျိုးဆက်စပ်ပတ်သက်သူများအတွက် ရေရှည်တည်တံ့သော တန်ဖိုးများ ဖန်တီးခြင်း ဖြစ်သည်။ ဒါရိုက်တာအဖွဲ့တွင် ကျွမ်းကျင်မှုနှင့် အတွေ့အကြုံများစွာရှိသော ပညာရှင်များဖြင့် ပါဝင်ဖွဲ့စည်းထားခြင်းကြောင့် မတူကွဲပြားသော အမြင်များကို ရယူနိုင်ပြီး ခိုင်မာကောင်းမွန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည်။

ရိုးမဘဏ်၏ ဒါရိုက်တာအဖွဲ့ကို အစုရှယ်ယာရှင်များက ရွေးချယ်တင်မြှောက်ပါသည်။ ဘဏ်၏ ကော်ပိုရိတ်အုပ်ချုပ်မှုစနစ်ကို မြှင့်တင်ရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ဒါရိုက်တာအဖွဲ့၏ ဖွဲ့စည်းပုံကို ပြင်ဆင်ထားပါသည်။ အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ်သောဒါရိုက်တာများအား ခန့်အပ်ခြင်းသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းမျဉ်းများနှင့် ကိုက်ညီသည့်အပြင် ဘဏ်၏ ကော်ပိုရိတ်အုပ်ချုပ်မှုဝါဒများနှင့်လည်း တစ်သားတည်း ဖြစ်စေပါသည်။ ထို့ပြင် ဒါရိုက်တာအဖွဲ့၏ ဆုံးဖြတ်ချက်များသည် ဘဏ်၏ အစုရှယ်ယာရှင်များ၊ Stakeholder များ၊ Customer များနှင့် ဝန်ထမ်းများအားလုံး၏ အကျိုးစီးပွားများ ဖြစ်ထွန်းစေရန် ဟန်ချက်ညီညီ သမာသမတ်ကျစွာ လမ်းညွှန်ဆောင်ရွက်သည်။

ဒါရိုက်တာအဖွဲ့ ဖွဲ့စည်းပုံ

ရိုးမဘဏ်၏ ဒါရိုက်တာအဖွဲ့သည် အဖွဲ့ဝင် စုစုပေါင်း (၆) ဦးဖြင့် ဖွဲ့စည်းထားပြီး အများစုမှာ အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ်သော ဒါရိုက်တာများ ဖြစ်သည်။။
ဒါရိုက်တာအဖွဲ့၏ ဥက္ကဋ္ဌသည် အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ်သော ဒါရိုက်တာတစ်ဦး ဖြစ်ပြီး ဒါရိုက်တာအဖွဲ့ကို ဦးဆောင်ကွပ်ကဲရန်၊ အဖွဲ့၏ ကိစ္စရပ်များနှင့် လုပ်ငန်းစဉ်အားလုံးကို ကြီးကြပ်ကွပ်ကဲရန် တာဝန်ပေးအပ်ထားသည်။

အမှုဆောင်အရာရှိချုပ်သည် ဒါရိုက်တာအဖွဲ့ထံ တိုက်ရိုက်အစီရင်ခံသည်။ ဒါရိုက်တာအဖွဲ့က အမှုဆောင်အရာရှိချုပ်အား ဘဏ်၏ စီမံခန့်ခွဲမှုများနှင့် လုပ်ငန်းလည်ပတ်မှုများကို ဆောင်ရွက်နိုင်ရန်အတွက် လုပ်ပိုင်ခွင့် အခွင့်အာဏာ အပ်နှင်းထားသည်။

 

အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ်သော ဒါရိုက်တာ အဓိပ္ပာယ်ဖွင့်ဆိုချက်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ဘဏ်၏ အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ်သော ဒါရိုက်တာသည် မဲပေးရန် အစုရှယ်ယာ (၅) ရာခိုင်နှုန်းအောက်သာ ကိုင်ဆောင်ထားသူဖြစ်ပြီး ဥပဒေတွင် သတ်မှတ်ထားသည့် အဖွဲ့အစည်းနှင့် ပတ်သက်ဆက်စပ်မှု မရှိသောသူ ဖြစ်သည်။

အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ်သော ဒါရိုက်တာသည် မည်သည့် အစုရှယ်ယာရှင်ကိုမှ ကိုယ်စားပြုခြင်း မရှိပါ။ ထို့ကြောင့် ၎င်းတို့သည် ကြီးကြပ်ကွပ်ကဲမှု တာဝန်ဝတ္တရားများကို ထမ်းဆောင်ရာတွင် ကဏ္ဍအသီးသီးမှ ကျွမ်းကျင်မှုများကို အခြေခံ၍ ဘက်လိုက်မှုကင်းသော ဆုံးဖြတ်ချက်များ၊ လွတ်လပ်သော အမြင်ရှုထောင့်များကို ပံ့ပိုးဆောင်ရွက်ပေးနိုင်သည်။

 

ဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်ခြင်းအပေါ် ကန့်သတ်ထားမှု

ဘဏ်၏ ဒါရိုက်တာများသည် အများပိုင်ကုမ္ပဏီများ၏ ဒါရိုက်တာအဖွဲ့များတွင် အများဆုံး (၅) ခု အထိသာ ပါဝင်ဆောင်ရွက်ခွင့်ရှိသည်။

လက်ရှိတွင် ဘဏ်၏ ဒါရိုက်တာအဖွဲ့ဝင်အားလုံးသည် ဤသတ်မှတ်ချက်နှင့်အညီ လိုက်နာဆောင်ရွက်နေကြပြီး ကန့်သတ်ထားသော အရေအတွက်ထက် ကျော်လွန်၍ တာဝန်ထမ်းဆောင်ခြင်း မရှိပါ။

 

ဒါရိုက်တာအဖွဲ့မှ တာဝန်ခွဲဝေပေးအပ်ခြင်း

ရိုးမဘဏ်သည် ဒါရိုက်တာအဖွဲ့ကော်မတီခွဲများကို ဖွဲ့စည်းထားခြင်းဖြင့် ကော်ပိုရိတ်အုပ်ချုပ်မှု မူဘောင်ကို ဆက်လက် တိုးတက်ကောင်းမွန်အောင် အဓိကထား၍ ဆောင်ရွက်လျက် ရှိသည်။ လက်ရှိတွင် စာရင်းစစ်ကော်မတီ၊ ဆုံးရှုံးနိုင်ခြေနှင့် လိုက်နာဆောင်ရွက်မှုဆိုင်ရာ ကြီးကြပ်ထိန်းသိမ်းရေး ကော်မတီနှင့် ဝန်ထမ်း၊ အခကြေးငွေနှင့် ရွေးကောက်တင်မြောက်ခြင်းဆိုင်ရာ ကော်မတီစသည့် ကော်မတီခွဲ (၃) ခုကို ဖွဲ့စည်းထားသည်။ ကော်မတီခွဲများအားလုံးသည် ဘဏ်၏ အဓိကကျသော လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ကြပြီး ဒါရိုက်တာအဖွဲ့၏ တာဝန်နှင့် ဝတ္တရားများကို လစ်လင်းမှုမရှိဘဲ ထမ်းဆောင်နိုင်ရန် ကူညီပေးပါသည်။ ကော်မတီတစ်ခုစီအလိုက် ၎င်းတို့၏ အခွင့်အာဏာ၊ အရည်အချင်းများ၊ ဖွဲ့စည်းပုံ၊ လုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ကောင်းမွန်သော အုပ်ချုပ်မှုသေချာစေရန်အတွက် အဖွဲ့ဝင်များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များဆိုင်ရာ ပြဌာန်းချက်များပါဝင်သော ကိုယ်ပိုင် ပဋိညာဉ်စာတမ်းဖြင့် ဒါရိုက်တာအဖွဲ့မှ အတည်ပြု ဖွဲ့စည်းထားသည်။

 

ဒါရိုက်တာအဖွဲ့ဝင်များ ခန့်အပ်ခြင်း
ရိုးမဘဏ်သည် မိမိတို့၏ မဟာဗျူဟာမြောက် ဦးတည်ချက်များနှင့်အညီ ထိရောက်စွာ လမ်းညွှန်မှုပေးနိုင်ရန်အတွက် အသိပညာ၊ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုများ ရှိသည့် ဒါရိုက်တာအဖွဲ့ဝင်များကို ရွေးချယ်ခန့်အပ်ထားသည်။ ဒါရိုက်တာသစ်များကို ရွေးချယ်ရာတွင် ဘဏ်၏ အစဉ်ပြောင်းလဲနေသော လိုအပ်ချက်များနှင့်အတူ ဒါရိုက်တာအဖွဲ့နှင့် ဒါရိုက်တာအဖွဲ့ကော်မတီခွဲများ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနိုင်သူများကို ရွေးချယ် ခန့်အပ်သည်။

ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးချင်းစီသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၈/၂၀၁၉) တွင် သတ်မှတ်ထားသော သင့်လျော်မှန်ကန်ခြင်းရှိမှုဆိုင်ရာ စံသတ်မှတ်ချက်များနှင့် ပြည့်မီရမည်။ ထို့ပြင် ဒါရိုက်တာအဖွဲ့၏ ဖွဲ့စည်းပုံသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်အမှတ် (၉/၂၀၁၉) ပါ ဘဏ်၏ ဒါရိုက်တာများဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်သည်။

ရိုးမဘဏ်သည် ဒါရိုက်တာအသစ်များကို ရွေးချယ်တင်မြှောက်ရာတွင် အောက်ပါ သင့်လျော်မှန်ကန်ခြင်းရှိမှုဆိုင်ရာ စံနှုန်း (၃) ချက်ပေါ် မူတည်၍ ကျင့်သုံးပါသည်။

  1. ရိုးသားမှု၊ ကျင့်ဝတ်နှင့် ဂုဏ်သတင်း (Honesty, Integrity and Reputation) – ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ရန် သင့်လျော်မှုကို ထိခိုက်စေနိုင်သည့် ပြစ်မှု သို့မဟုတ် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူခံရမှု၊ စည်းမျဉ်း သို့မဟုတ် ဥပဒေချိုးဖောက်မှု၊ မရိုးမဖြောင့်သော သို့မဟုတ် မလျော်ကန်သော ပြုမူဆောင်ရွက်မှု၊ အ‌ရေးပါသည့် စည်းကမ်းလိုက်နာဆောင်ရွက်မှုများ ပျက်ကွက်မှု၊ စီးပွားရေးလုပ်ငန်း ကျရှုံးမှုများ၊ အကျိုးစီးပွား ပဋိပက္ခများ သို့မဟုတ် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ရန် ၎င်း၏ သင့်လျော်မှုကို ထိခိုက်စေနိုင်သည့် အခြားကိစ္စရပ်များနှင့် ပတ်သက်သည့် မှတ်တမ်းမရှိဘဲ ရိုးသားဖြောင့်မတ်မှု၊ ကျင့်ဝတ်သိက္ခာနှင့် အစဉ်အလာကောင်းများရှိကြောင်း ပြသနိုင်ရပါမည်။
  2. အရည်အသွေးနှင့် စွမ်းဆောင်ရည် (Competence and Capability) – ရာထူး၏ တာဝန်ဝတ္တရားများနှင့် တာဝန်များကို ထိရောက်စွာ ထမ်းဆောင်နိုင်ရန် လိုအပ်သော အရည်အချင်းများ၊ လေ့ကျင့်သင်ကြားမှုများ၊ ကျွမ်းကျင်မှုများ၊ အတွေ့အကြုံများနှင့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများကို ပိုင်ဆိုင်ထားရမည်။ ထို့ပြင် ယခင်လုပ်ဆောင်ချက် မှတ်တမ်း၊ ကတိကဝတ်ပြုမှု၊ လုပ်ငန်းအပေါ် နားလည်သဘောပေါက်မှု၊ စိစစ်ရမည့် အဓိက ဆုံးရှုံးနိုင်ခြေ (Key Risks) များနှင့် သက်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များအပေါ် အကဲဖြတ်စိစစ်ပါသည်။
  3. ဘဏ္ဍာရေးဆိုင်ရာ ခိုင်မာတောင့်တင်းမှု (Financial Soundness) – ဘဏ္ဍာရေးဆိုင်ရာ ခိုင်မာတောင့်တင်းမှုရှိကြောင်းနှင့် ကျရောက်လာမည့် ဘဏ္ဍာရေးဆိုင်ရာ ပေးရန်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်စွမ်းရှိကြောင်း ပြသနိုင်ရပါမည်။ အကဲဖြတ်ရာတွင် မြန်မာနိုင်ငံအတွင်း သို့မဟုတ် ပြည်ပနိုင်ငံများတွင် ဖြစ်စေ၊ တရားရုံးက အတည်ပြုထားသည့် အကြွေးတာဝန်များ (Judgment Debts)၊ ကြွေးမြီမဆပ်နိုင်ခြင်း (Insolvency) သို့မဟုတ် ဒေဝါလီခံမှု (Bankruptcy) ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်သော စသည့် မှတ်တမ်းများ ရှိ၊ မရှိကိုလည်း ထည့်သွင်းစဉ်းစားပါသည်။

 

ဒါရိုက်တာအဖွဲ့ဝင်များအား စဉ်ဆက်မပြတ်ပညာပေးရေး

ရိုးမဘဏ်သည် ဒါရိုက်တာအသစ်များအား လုပ်ငန်းသဘောသဘာဝများ၊ ဘုတ်အဖွဲ့၏ လုပ်ငန်းစဉ်များ၊ ဘဏ်အတွင်းထိန်းချုပ်မှုစနစ်များနှင့် စီမံအုပ်ချုပ်မှုဆိုင်ရာ ကျင့်ထုံးများအပြင် မိမိတို့၏ တာဝန်ဝတ္တရားများနှင့် သက်ဆိုင်သည့် အခြားကဏ္ဍများကိုပါ အကျွမ်းတဝင်ရှိစေရန် စနစ်တကျ ရေးဆွဲထားသော (Orientation Program) လမ်းညွှန်မှုအစီအစဉ် တစ်ရပ်ကို ပံ့ပိုးပေးထားပါသည်။ ၎င်းအစီအစဉ်တွင် မဟာဗျူဟာမြောက် စီမံကိန်းများ၊ ရည်မှန်းချက်များ နှင့် စီမံခန့်ခွဲမှုဆိုင်ရာ ရှင်းလင်းတင်ပြချက်များကို နားလည်သိရှိ လေ့လာခွင့်ရခြင်း၊ ဦးဆောင်မှုအဖွဲ့ (Leadership Team) များနှင့် တွေ့ဆုံမိတ်ဆက်နိုင်ခြင်း၊ လုပ်ငန်းခွင်အတွင်း ကိုယ်တိုင်ကွင်းဆင်း လေ့လာကြည့်ရှုခြင်းများအပြင် ဝါရင့်ဘုတ်အဖွဲ့ဝင်များက ဒါရိုက်တာအသစ်များ၏ ကနဦးစ တာဝန်ယူ လုပ်ဆောင်သည့် ကာလများအတွင်း အနီးကပ်ကူညီဖေးမပေးသည့် (Peer-pairing) အစီအစဉ်များတွင် ပါဝင်လေ့ရှိပါသည်။

ဘဏ်အနေဖြင့် ကနဦးမိတ်ဆက်လမ်းညွှန်မှုပေးရုံသာမက ဒါရိုက်တာများ၏ ပရော်ဖက်ရှင်နယ် ပညာရပ်ဆိုင်ရာ တိုးတက်မှုအတွက် စဉ်ဆက်မပြတ်သင်ယူနိုင်သော အခွင့်အလမ်းများကိုပါ ရရှိစေရန် ဆောင်ရွက်ပေးပါသည်။ ဒါရိုက်တာများအနေဖြင့် ဈေးကွက်နှင့် လုပ်ငန်းကဏ္ဍဆိုင်ရာ ဖြစ်ပေါ်ပြောင်းလဲမှုများကို ခေတ်နှင့်အညီ သိရှိနားလည်နေစေရန်နှင့် ဘဏ်လုပ်ငန်း ပညာရပ်ပိုင်းဆိုင်ရာများတွင် ပိုမိုသိရှိလာစေရန်အတွက် အလုပ်ရုံဆွေးနွေးပွဲများ၊ ညီလာခံအစည်းအဝေးများနှင့် သင်တန်းများ ပုံမှန်တက်ရောက်ရန် တိုက်တွန်းအားပေးထားပြီး ၎င်းကုန်ကျစရိတ်များကို ဘဏ်ကပင် ကျခံပေးပါသည်။

 

အမှုဆောင်အရာရှိချုပ် (CEO) ၏ စွမ်းဆောင်ရည် အကဲဖြတ်ခြင်း

အမှုဆောင်အရာရှိချုပ် (CEO) ၏ စွမ်းဆောင်ရည်ကို ဒါရိုက်တာဘုတ်အဖွဲ့က နှစ်စဉ် အကဲဖြတ်သုံးသပ်လေ့ရှိပါသည်။ ယင်းသို့ အကဲဖြတ်ရာတွင် ဘဏ်၏ မျှော်မှန်းချက်၊ မဟာဗျူဟာမြောက် ဦးစားပေးလုပ်ငန်းများနှင့် ရေရှည်ရည်မှန်းချက်များအတိုင်း သဘောတူသတ်မှတ်ထားသည့် ရည်မှန်းချက်များကို KPIs နှင့်အညီ တိုင်းတာစစ်ဆေးပါသည်။ ထိုသို့ အကဲဖြတ်ရာတွင် ဘဏ္ဍာရေးဆိုင်ရာ စွမ်းဆောင်ရည်၊ ဝန်ထမ်းရေးရာနှင့် ကော်ပိုရိတ်ယဉ်ကျေးမှု၊ ဝန်ဆောင်မှုရယူသူများအတွက် ရလဒ်ကောင်းများ ဖန်တီးပေးရန်နှင့် မဟာဗျူဟာများ အကောင်အထည်ဖော်နိုင်မှု စသည့် နယ်ပယ်အသီးသီး ပါဝင်ပါသည်။ အကဲဖြတ်မှု ရလဒ်များကို ဘုတ်အဖွဲ့က စိစစ်သုံးသပ်ပြီး ခံစားခွင့်နှင့် လုပ်ခလစာ ဆုံးဖြတ်ခြင်း၊ ခေါင်းဆောင်မှု နေရာဆက်ခံရေး အစီအစဉ်ရေးဆွဲခြင်းနှင့် ခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်ရေး အစီအစဉ်များတွင် ထည့်သွင်းစဉ်းစား ဆောင်ရွက်ပါသည်။

ကျွန်ုပ်တို့၏ ကော်ပိုရိတ်အုပ်ချုပ်မှုဆိုင်ရာ ဖွဲ့စည်းပုံနှင့် အုပ်ချုပ်ရေးမူဘောင်အကြောင်းကို ဤနေရာတွင်လေ့လာနိုင်ပါသည်။

Board Profiles

team-icon

ဦးထွန်းမြတ်

ဥက္ကဋ္ဌ

team-icon

ဦးကြည်အေး

ဒါရိုက်တာ

team-icon

ဒေါက်တာသိန်းဇော်

အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ်သော ဒါရိုက်တာ

team-icon

Mr. Chintaman Mahadeo Dixit alias Dilip

အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ်သော ဒါရိုက်တာ

team-icon

Mr. John Alan Staley 

အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ်သော ဒါရိုက်တာ