News & Activities > သတင်းများ

News & Activities > သတင်းများ

ရိုးမဘဏ်၏ စတားစီးတီးရုံးချုပ်တွင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများတပ်ဆင်ကာသဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင်နှင့်စီမံအုပ်ချုပ်မှု (ESG) အခန်းကဏ္ဍကို ပုံဖော်ဆောင်ရွက်ခဲ့

30 January 2026သတင်းများ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ – နှစ်ပေါင်း (၃၂) နှစ်ကျော်ကြာ ကျင့်ဝတ်မှန်ကန်သော ထိပ်တန်းပုဂ္ဂလိကဘဏ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည့် ရိုးမဘဏ်သည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ စတားစီးတီးအိမ်ရာရှိ ရုံးချုပ်အဆောက်အဦဝန်း၌ ၅၉၂.၃၈ kWp စွမ်းရည်ရှိသော ဂရစ်၊ ၅၂၅ kW စွမ်းရည်ရှိသော အင်ဗာတာနှင့် ဆိုလာပြား ၁,၀၈၇ ချပ်တို့ပါရှိသည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစီမံကိန်းကြီးကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အောင်မြင်စွာ အပြီးသတ်တပ်ဆင်နိုင်ခဲ့ပါသည်။

ဤဆိုလာစီမံကိန်းဖြင့် လက်ရှိလျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအတွင်း ၆၃၅,၀၄၅ kWh အထိ ရောက်ရှိခဲ့ပါသည်။ ထို့ပြင် ၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိ နှိုင်းယှဉ်ရာတွင် ရိုးမဘဏ်ရုံးချုပ်၏ လျှပ်စစ်မီတာခ ကုန်ကျစရိတ်သည် (၂၇) ရာခိုင်နှုန်းကျော် သက်သာခဲ့ပါသည်။ ထပ်မံ၍ ရိုးမဘဏ်မှ ပိုလျှံသော ဆိုလာဓာတ်အားများကို စတားစီးတီးအိမ်ရာရှိ Thanlyin Estate Development Limited (TED) သို့ ပြန်လည်ရောင်းချခြင်းဖြင့် ၂၀၂၅ ခုနှစ်အတွင်း မြန်မာငွေကျပ်သိန်း (၅၀၀) ကျော် ဝင်ငွေအပို ရရှိခဲ့ပါသည်။

“အခုလို ကျွန်တော်တို့ရဲ့ ရိုးမဘဏ်ရုံးချုပ်မှာ ဆိုလာပြားတွေ တပ်ဆင်လိုက်တာက လူမှုအသိုင်းအဝိုင်းနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးပြုစေမဲ့ ရိုးမဘဏ်ရဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်တွေကို အကောင်အထည်ဖော်နေတာပဲ ဖြစ်ပါတယ်။” ဟု ရိုးမဘဏ်၏ အမှုဆောင်အရာရှိချုပ် ဦးကျော်စိုးလင်းက ပြောကြားခဲ့ပါသည်။ “စွမ်းအင်ပြန်လည်ပြည့်ဖြိုးမှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေကို ပုံဖော်ဆောင်ရွက်နေတာက ရိုးမဘဏ်အနေနဲ့ သဘာဝပတ်ဝန်းကျင်အတွက် ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချနိုင်ရုံသာမကဘဲ လျှပ်စစ်နဲ့ ဒီဇယ်ဆီသုံးစွဲမှုကိုပါ လျှော့ချနိုင်တာကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ ဘဏ်လုပ်ငန်းတွေနဲ့ အခြားစီးပွားရေးလုပ်ငန်းတွေအတွက် စံနမူနာတစ်ခုဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော်တို့က Green Financing တစ်နည်းပြောရမယ်ဆိုရင်တော့ နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးအတွက် အသုံးချနိုင်သလို ရာသီဥတုပြောင်းလဲမှုကို ကာကွယ်စောင့်ရှောက်ရေး၊ နိုင်ငံအတွင်း သဘာဝအရင်းအမြစ်တွေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းတဲ့ လုပ်ငန်းစဉ်တွေကနေပြီးတော့ စွမ်းအင်ထိရောက်မှုရှိတဲ့ လုပ်ငန်းလည်ပတ်မှုတွေအထိ ရိုးမဘဏ်ရဲ့ သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင်နှင့် စီမံအုပ်ချုပ်မှု (ESG) အခန်းကဏ္ဍကို မြှင့်တင်ဖို့ အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဆက်လက်ပြောကြားခဲ့ပါသည်။

ရိုးမဘဏ်ရုံးချုပ်တွင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစီမံကိန်းဖြင့် လျှပ်စစ်ဓာတ်အားနှင့် ဒီဇယ်ဆီသုံးစွဲမှုကို လျှော့ချနေသည့်အပြင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအထိ ရိုးမဘဏ် ဘဏ်ခွဲ (၈၅) ခုအနက်မှ (၆၆) ခုတွင်လည်း နေရောင်ခြည်စွမ်းအင်သုံးလည်ပတ်မှုစနစ်များ တပ်ဆင်အသုံးပြုလျက်ရှိပါသည်။ ရိုးမဘဏ်ဝန်ထမ်းများအနေဖြင့်လည်း စက္ကူသုံးစွဲမှု လျှော့ချပြီး ဒစ်ဂျစ်တယ်နည်းပညာအခြေပြု လုပ်ငန်းစဉ်များကို ပိုမိုအသုံးပြုခြင်းနှင့် လျှပ်စစ်စွမ်းအင်ချွေတာခြင်းစသည့် အလေ့အထကောင်းများကို ကျင့်သုံးကာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းလျက်ရှိပါသည်။ ဆက်လက်၍ ရိုးမဘဏ်ရုံးချုပ်တွင် နေရောင်ခြည်စွမ်းအင်ဖြင့် လည်ပတ်နိုင်သည့် ဒေတာစင်တာကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဆိုလာစနစ်တစ်ခုကို ၂၀၂၆ ခုနှစ်အတွင်း ထပ်မံတပ်ဆင်သွားမည် ဖြစ်ပါသည်။

ရိုးမဘဏ်သည် “ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော် တည်ဆောက်ရန်” ဆိုသည့် ရည်မှန်းချက်နှင့်အညီ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ရိုးမဘဏ်ဝန်ထမ်းများ၏ နေ့စဉ်အလေ့အထ၊ စွမ်းဆောင်ရည်နှင့် တာဝန်သိစိတ်များမှတစ်ဆင့် အကောင်အထည်ဖော်ကာ နောင်လာနောင်သားများအတွက် ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်ကို ပြုစုပျိုးထောင်လျက် လက်ဆင့်ကမ်းနိုင်ရန် ကြိုးပမ်းလျက် ရှိပါသည်။

Share this news on