ရာသီဥတုအကူးအပြောင်းမှာ ဂရုစိုက်ပါ။

2 March 2026

ရာသီဥတုပြောင်းလဲတဲ့ကာလမှာ ကိုယ်ခံအားစနစ်က အားနည်းသွားပြီး ဖျားနာ၊ နှာစေး၊ ချောင်းဆိုးတာတွေ အလွယ်တကူ ကြုံတွေ့ခံစားရနိုင်ပါတယ်။ ဖျားနာတဲ့အခါ ရုံးပျက်တာ၊ အလုပ်တာဝန်လစ်ဟင်းတာတွေ ဖြစ်စေနိုင်တာကြောင့် ဒီကာလမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ နည်းလမ်းကောင်းလေးတွေ မျှဝေပေးပါရစေ။

၁) ကိုယ်ခံအားပြည့်ဝအောင်နေပါ။
အာဟာရပြည့်ဝအောင် စားသုံးပါ။ အိပ်ရေးဝဝ အိပ်ပါ။ ရေနွေးနွေးကို မကြာခဏ သောက်ပါ။ အိမ်တွင်းမှာပဲဖြစ်ဖြစ် လေ့ကျင့်ခန်းပြုလုပ်တာမျိုး၊ လမ်းလျှောက်တာမျိုး လုပ်ပေးခြင်းကလည်း ကိုယ်ခံအားကောင်းမွန်စေပါတယ်။

၂) ဖျားနာတာနဲ့ ချက်ချင်းကုသပါ။
လည်ချောင်းနာတာ၊ နှာစေးတာ၊ ကိုယ်လက်ကိုက်ခဲတာမျိုး ခံစားရတာနဲ့ ချက်ချင်း အနားယူပါ။ ဖျားနေချိန်မှာ ကိုယ်ခံအားစနစ်က ပိုမိုအလုပ်လုပ်နေရတာမို့ ခန္ဓာကိုယ်ကို အနားယူခွင့်ပေးဖို့ လိုအပ်ပါတယ်။ လိုအပ်ပါက နီးစပ်ရာဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

၃) ရာသီဥတုနဲ့ ကိုက်ညီစွာနေထိုင်ပါ။
ရာသီဥတု အကူးအပြောင်းကာလမှာ နေ့အပူချိန်နဲ့ ညအပူချိန် ကွာခြားမှု များတတ်ပါတယ်။ ဒါကြောင့် အပူချိန်နဲ့အညီ သင့်တော်တဲ့အဝတ်အစားကို ရွေးချယ်ဝတ်ဆင်ပါ။ အပူလွန်ကဲချိန်မှာ နေရောင်ခြည်တိုက်ရိုက်မထိတဲ့နေရာမှာ နေပြီး အခန်းတွေမှာ လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။

ရာသီဥတုအကူးအပြောင်းဟာ ကျန်းမာရေးအတွက် ဂရုပြုရမဲ့အချိန်ဖြစ်ပါတယ်။ အလုပ်တာဝန်တွေ မထိခိုက်ဘဲ စိတ်ရော ကိုယ်ပါ ကျန်းကျန်းမာမာရှိစေဖို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါနော်။