လုပ်ငန်းခွင်အတွင်းမှာလည်း အစဉ်မပြတ် သင်ယူလေ့လာနိုင်ပါတယ်

27 April 2026

ကျောင်းတွေ၊ သင်တန်းတွေ တက်နေမှ သင်ယူလေ့လာနိုင်တာ မဟုတ်ဘဲ လုပ်ငန်းခွင်အတွင်းမှာလည်း လက်တွေ့အတွေ့အကြုံတွေကနေတစ်ဆင့် အစဉ်မပြတ် လေ့လာသင်ယူနိုင်ပါတယ်။ အောင်မြင်တဲ့ လုပ်ငန်းခွင်ဘဝကို ပိုင်ဆိုင်နိုင်ဖို့ လေ့လာသင်ယူနေရတာက အဓိကကျတဲ့အတွက် လုပ်ငန်းခွင်အတွင်း သင်ယူနိုင်မဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးပါရစေ။

၁) မေးမြန်းသင်ယူပါ။
လုပ်ငန်းခွင်မှာရှိတဲ့ ကျွမ်းကျင်သူတွေ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေဆီက သိလိုတာတွေကို မေးမြန်းတာနဲ့ အသိပညာဖလှယ်တာဟာ အမြန်ဆုံး သင်ယူမှုနည်းလမ်းတစ်ခုဖြစ်ပါတယ်။ အတွေ့အကြုံရှိသူတွေရဲ့  လုပ်ပုံကိုင်ပုံတွေကို အတုယူတာ၊ အကြံဉာဏ်တောင်းခံတာက လက်တွေ့ကျတဲ့ ဗဟုသုတတွေကို ရရှိစေပါတယ်။

၂) နေ့စဉ် နည်းနည်းစီ လေ့လာပါ။
သင်တန်းတွေတက်ဖို့ အချိန်မပေးနိုင်တဲ့အခါမျိုးမှာ တစ်နေ့ကို မိနစ်အနည်းငယ်လောက် အချိန်ပေးပြီး လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ဗဟုသုတတွေ ဖတ်ရှုတာ၊ Podcast တွေ နားထောင်တာ ဒါမှမဟုတ် လုပ်ငန်းသုံး Tool အသစ်တွေကို စမ်းသပ်တာတွေကို ဆောင်ရွက်နိုင်ပါတယ်။ ဒီလိုမျိုး အချိန်တိုအတွင်း အာရုံစိုက်လေ့လာတာက ရေရှည်မှာ သိသာထင်ရှားတဲ့ တိုးတက်မှုကို ဖြစ်ပေါ်စေပါတယ်။

၃) လုပ်ဆောင်ချက်တွေကို ပြန်လည်သုံးသပ်ပါ။
လုပ်ဆောင်ပြီးခဲ့တဲ့ ပရောဂျက်တွေ၊ ကမ်ပိန်းတွေအပြီးမှာ အားသာချက်နဲ့ အားနည်းချက်တွေကို ပြန်လည်သုံးသပ်သင့်ပါတယ်။ ဒီလိုမျိုး ပြန်လည်သုံးသပ်တာက နောက်ထပ်လုပ်ငန်းတာဝန်တွေအတွက် ပိုမိုကျွမ်းကျင်စွာ ဆောင်ရွက်လာနိုင်စေသလို ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေကိုလည်း သင်ခန်းစာယူနိုင်ပါတယ်။

ဒီလိုအလေ့အကျင့်ကောင်းလေးတွေကို နေ့စဉ်လုပ်ငန်းခွင်မှာ ကျင့်သုံးသွားမယ်ဆိုရင် အသိပညာတွေ တိုးပွားလာရုံတင်မကဘဲ မိမိရဲ့ စွမ်းဆောင်ရည်တွေကိုလည်း အကောင်းဆုံး မြှင့်တင်နိုင်မှာဖြစ်ပါတယ်။ သင်ယူလေ့လာခြင်းဆိုတာ အဆုံးမရှိတဲ့အတွက် အလုပ်လုပ်ရင်းနဲ့လည်း ကိုယ့်ကိုယ်ကိုယ် အစဉ်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားသွားကြရအောင်။

#WorkplaceLearning #GrowthMindset #ProfessionalDevelopment #OurActionsMatter #TogetherWithYomaBank